Dolby Mobile နည်းပညာ

Dolby Mobile ဆိုတာကတော့ Dolby Labs, Inc. က ဖန်တီး ထပ်မံဖန်တီးထားတဲ့ အသံနည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။ ဒီနည်းပညာကို ကြိုးမဲ့ဖျော်ဖြေရေးထုတ်ကုန်တွေမှာ စတင် ထည့်သွင်းအသုံးပြုခဲ့တာဖြစ်ပြီး အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေမှာ ကျယ်ပြန့်စွာ ထည့်သွင်းအသုံးပြုလာတဲ့ နည်းပညာတစ်ခုလည်း ဖြစ်ပါတယ်။

စမတ်ဖုန်းတွေမှာ ပတ်လည် အသံထွက်အနေနဲ့ ခံစားနားဆင်နိုင်ဖို့အတွက် ဒီနည်းပညာကို ဖန်တီးထည့်သွင်းခဲ့တာ ဆိုရင်လည်း မမှားပါဘူး။ မိုဘိုင်းဖုန်း အသုံးပြုသူတွေအနေနဲ့ မိုဘိုင်းမာတီမီဒီယာ အသုံးပြုခြင်းအတွက် ခံစားမှုရသသစ်တွေ ရရှိစေနိုင်ဖို့အတွက် Mobile Surround နည်းပညာနဲ့ တခြားစတူဒီယိုအသံနည်းပညာတွေ ပေါင်းစပ်ဖန်တီးထားတာ ဖြစ်ပါတယ်။

ရုပ်ရှင်ရုံမှာ ပတ်လည်အသံထွက်နဲ့ ရုပ်ရှင်ကြည့်သလိုမျိုး စမတ်ဖုန်းတွေမှာ ခံစားနိုင်အောင် Dolby Mobile နည်းပညာက အဓိက ထောက်ပံ့ပေးတာဖြစ်ပါတယ်။ စမတ်ဖုန်းကို Dock အထိုင်ပုံစံစပီကာနဲ့ ပတ်လည် အသံထွက်နည်းပညာ ထောက်ပံ့ပါဝင်တဲ့ မည်သည့်နားကြပ်နဲ့မဆို ချိတ်ဆက်အသုံးပြုရုံနဲ့ ရုပ်ရှင်ရုံမှာ ကြည့်ရှုရသလိုမျိုး ခံစားရမှာလည်းဖြစ်ပါတယ်။

နားကြပ်ကနေထောက်ပံ့ပေးနိုင်တဲ့ အသံထွက်ထက် ပိုမို ကောင်းမွန်တဲ့ သဘာ၀ Bass သံနဲ့ စပီကာအသံထွက်တွေကို ခံစားနိုင်မှာဖြစ်ပြီး ချုံ့ထားတဲ့ မာတီမီဒီယာအသံဖိုင်တွေရဲ့ နဂို အမြင့်ဆုံး အသံ အရည်အသွေး အတိုင်း အသံထွက်ကို ခံစားရရှိနိုင်အောင်လည်း ဒီနည်းပညာက ထောက်ပံ့လုပ်ဆောင်ပေးပါတယ်။ နောက်ပြီး သာမန်အသံဖိုင်တွေနဲ့ Mono အသံဖိုင်တွေရဲ့ အသံထွက်ကိုလည်း စတူဒီယိုသံအနေနဲ့ ခံစားနားဆင်နိုင်အောင် ထောက်ပံ့ပေးပါတယ်။

Dolby Mobile ကနေ 5.1 channel ပတ်လည်အသံထွက် နည်းပညာကို ၂ဝ၁ဝ ပြည့်နှစ်က ကျင်းပပြုလုပ်ခဲ့တဲ့ MWC (Mobile World Congress) ပွဲမှာ LG တံဆိပ် Android စမတ်ဖုန်းတွေမှာ ထည့်သွင်းမိတ်ဆက် ပြသခဲ့ပါတယ်။ သူ့နောက်ပိုင်းမှာတော့ Dolby Digital Plus နည်းပညာ ဗားရှင်းသစ်က တကယ်စစ်မှန်တဲ့ 5.1 ပတ်လည်အသံထွက်ကို နားကြပ်တွေအပြင် အိမ်သုံးဖျော်ဖြေရေးစနစ်တွေကို မိုဘိုင်းဖုန်းနဲ့ချိတ်ဆက်ပြီး ခံစားရရှိနိုင်အောင် ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့ Dolby Mobile အသံနည်းပညာ ထောက်ပံ့ပါဝင်တဲ့ စမတ်ဖုန်းများစွာ ဈေးကွက်မှာ ဝယ်ယူရရှိနိုင်နေပြီ ဖြစ်ပါတယ်။