Discover Mobile Web နှင့် Android App ကို မြန်မာနိုင်ငံတွင် မိတ်ဆက်

Facebook နဲ့ MPT တို့ကနေ အင်တာနက်ပေါ်မှာ ဘယ်ဝက်ဘ်ဆိုက်ကိုမဆို MP မှ နေ့စဉ် အကန့်အသတ်နဲ့ ပေးအပ်သွားမယ့် အခမဲ့ ဒေတာပမာဏကို အသုံးပြုကာ ရှာဖွေလေ့လာနိုင်မယ့် Discover mobile web နှင့် Android app အသစ်ကို စမ်းသပ် မိတ်ဆက်လိုက်ပါတယ်။

“ဒီနေ့ Facebook Connectivity နဲ့ MPT တို့ကနေ မြန်မာနိုင်ငံမှာ Discover ကို ဂုဏ်ယူဝမ်းမြောက်စွာနဲ့ စတင်မိတ်ဆက်လိုက်ပါပြီ။ Discover ဆိုတာ လူတွေကို အင်တာနက်ကို စဥ်ဆက်မပြတ် ချိတ်ဆက်မှုရှိနေအောင် ကူညီပေးဖို့ ရည်ရွယ်ဖန်တီးထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုမှု တိုးတက်လာအောင် Discover ကနေတစ်ဆင့် ဘယ်လို ပံ့ပိုးကူညီပေးနိုင်မလဲဆိုတာကိုလည်း လေ့လာဆန်းစစ်သွားမှာပါ” လို့ Facebook ရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ Head of Connectivity and Access Policy (APAC) ဖြစ်သူ Tom Chottayil Varghese က ပြောပါတယ်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးကဏ္ဍ ဖြေလျှော့မှုတွေကြောင့် မိုဘိုင်းလ်ကွန်ရက် ဖြန့်ကျက်မှုနှင့် အင်တာနက် အသုံးပြုနိုင်မှုတို့မှာ သိသိသာသာ တိုးတက်လာခဲ့ပြီး အင်တာနက် အသုံးပြုသူအများစုမှာ အင်တာနက်ကို အမြဲလို ချိတ်ဆက်အသုံးပြုနေကြသော်လည်း ၎င်းတို့အနေနဲ့ ဒေတာကုန်ဆုံးသွားချိန်တွင် အင်တာနက် ချိတ်ဆက်မှု ပြတ်တောက်သွားလေ့ရှိကြကြောင်း Discover ကို အသုံးပြုခြင်းဖြင့် MPT သုံးစွဲသူတွေဟာ ဒေတာ နောက်တစ်ကြိမ် ထပ်မံမဝယ်ယူသေးမီကာလအထိ အင်တာနက်ကို စဥ်ဆက်မပြတ် ချိတ်ဆက် အသုံးပြု နိုင်မယ်လို့သိရပါတယ်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) မှ မိုဘိုင်းအော်ပရေတာများထံသို့ ကိုဗစ်-၁၉ ကျန်းမာရေး အခက်အခဲ ကာလအတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုနှုန်းထားများကို ဖြေလျော့ပေးရေး၊ လိုအပ်သော ချိတ်ဆက်ရယူမှုများ ပြုလုပ်နိုင်ရေးတို့ကို ပံ့ပိုးကူညီတဲ့အနေနဲ့ Discover ကို မိတ်ဆက်ခဲ့ခြင်း ဖြစ်တယ်လို့သိရပါတယ်။

“မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့ချိန်ကတည်းက MPT ရဲ့ ရည်မှန်းချက်က မြန်မာနိုင်ငံက ပြည်သူတွေ တစ်ဦးနဲ့တစ်ဦး အဆက်အသွယ် မပြတ်အောင် ဆောင်ရွက်ပေးနိုင်ဖို့ပါပဲ။ Facebook နဲ့ ပူးပေါင်းပြီး Discover ကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်နိုင်တဲ့အတွက် MPT သုံးစွဲသူတွေအနေနဲ့ သူငယ်ချင်း၊ မိသားစုတွေနဲ့ ပိုပြီး ပုံမှန် ထိတွေ့ဆက်သွယ်နိုင်မယ့်အပြင် အွန်လိုင်းပေါ်မှာ တိကျမှန်ကန်တဲ့ အရေးကြီး ကျန်းမာရေး သတင်းအချက် အလက်တွေ ပိုပြီး ရယူနိုင်တော့မှာပါ။ Discover ကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအပြင် မြန်မာနိုင်ငံတစ်ဝန်းက လူမှုအသိုက်အဝန်းအတွက် အများကြီး အကျိုးရှိနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Tetsunori Nagashima က ပြောပါတယ်။

MPT သုံးစွဲသူတွေအနေနဲ့ နှစ်သက်ရာ mobile web browser နဲ့ 0.discoverapp.com ကို ဝင်ရောက်ပြီး Discover ကို ရယူအသုံးပြုနိုင်သလို Discover app ကို Google Play Store မှာ ဒေါင်းလုတ်ရယူ၍လည်း အသုံးပြုမယ်လို့သိရပါတယ်။ Discover အကြောင်း အသေးစိတ် ထပ်မံသိရှိလိုတယ်ဆိုရင်တော့ https://connectivity.fb.com/discover/ မှာ ဝင်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း