
စားသုံးသူရေးရာ ဦးစီးဌာနအနေနဲ့ Digital Online စနစ်နဲ့ ငွေကြေးဝန်ဆောင်မှု ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး စားသုံးသူပြည်သူများ နစ်နာမှု မရှိစေရေးအတွက် Digital Online စနစ်နဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ကိုင်သူများ လိုက်နာရမယ့် လုပ်ငန်းစဉ်တွေကို အသိပေးထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်မှာ Digital Online စနစ်ဖြင့် ငွေကြေးဝန်ဆောင်မှုများနဲ့ ပတ်သက်ပြီး အတိုင်ကြားခံရမှုပေါင်း မှာ ၂၀၁၉ အောက်တိုဘာကနေ ၂၀၂၀ ဇူလိုင်လအထိ အမှုပေါင်း တစ်ရာ ရှိခဲ့ပြီ ဖြစ်ကြောင်း၊ နစ်နာဆုံးရှုံးမှု ဖြစ်ရမှုအပေါ်ကို သက်ဆိုင်ရာအဖွဲ့များနဲ့ ညှိနှိုင်းဆောင်ရွက် စုစည်းသုံးသပ်ရာမှာ Digital Online စနစ်ဖြင့် ငွေကြေးဝန်ဆောင်မှုနဲ့ လုပ်ကိုင်နေကြတဲ့ လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်ရန် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
Digital Online စနစ်နဲ့ ငွေကြေးဝန်ဆောင်မှုနဲ့ လုပ်ကိုင်နေကြတဲ့ လုပ်ငန်းတွေ အနေနဲ့ မှတ်ပုံတင်ထားတဲ့ SIM Card နဲ့သာ Digital Online Pay Account ဖွင့်လှစ်ခွင့်ပြုရန်၊ Account ဖွင့်ချိန်မှာ မှတ်ပုံတင် (သို့) အခြားသက်သေခံ အထောက်အထားနဲ့ လိုင်စင်ပုံတောင်းခံရန်၊ နိုင်ငံသား စိစစ်ရေးကတ်ပါ အမည်နဲ့သာ Account ဖွင့်ခွင့်ပြုရန်၊ ငွေလွှဲသူနဲ့ ငွေလက်ခံသူတို့ထံမှ မှတ်ပုံတင်ရယူစစ်ဆေးရန်၊ ငွေလက်ခံသူရဲ့ ငွေထုတ်ပေးမယ့် Agent ထံ နိုင်ငံသားကတ်မူရင်း၊ လျှို့ဝှက်ကုတ်နဲ့ Transaction ID နံပါတ်တို့ကို ပြသစေရန်၊ ငွေလွှဲသူကိုယ်တိုင် လျှို့ဝှက်ကုတ် ရိုက်ထည့်စေရန်၊ ပြဌာန်းထားတဲ့ စည်းကမ်းတွေကို Facebook Page များသာမက အများပြည်သူများသိရှိနိုင်စေရန် မီဒီယာများက ကြော်ငြာစေရန်၊ သုံးစွဲသူများကို အေးဂျင့်များက အသိပေးရန် အပါအဝင် လုပ်ငန်းစဉ် (၁၀) ခုကို ထုတ်ပြန်ခဲ့ပါတယ်။
လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်မှုမရှိကြောင်း တွေ့ရှိပါက စားသုံးသူများအနေနဲ့ စားသုံးသူရေးရာ ဦးစီးဌာနကို တိုင်ကြားရန် စားသုံးသူများကို မေတ္တာရပ်ခံ ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ကိုယ်စားလှယ်များရဲ့ အားနည်းချို့ယွင်းချက်ကြောင့် ဖြစ်ပေါ်လာတဲ့ ကိစ္စရပ်များ၊ လုပ်ငန်းစဉ်ကို လိုက်နာခြင်းမရှိတဲ့ ကိုယ်စားလှယ် လုပ်ငန်းရှင်များကို အမှန်တကယ် အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
-ကျော်ဇေယျ
»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««