Digital Myanmar Project ကို အကောင်အထည်ဖော်နေ

Digital Myanmar Project ကို အကောင်အထည်ဖော်နေတယ်လို့ သိရပါတယ်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ e-Government Conference and ICT Exhibition အခမ်းအနားမှာ ပြောကြားခဲ့တဲ့အထဲက သိရတာဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ပူးပေါင်းပံ့ပိုးမှုနဲ့ အသွင်ပြောင်းလဲခြင်းဖြစ်ပေါ်စေရေး၊ လူနေမှုဘ၀တွေပြောင်းလဲလာစေရေး (Enabling Transformation, Transforming Lives ) တို့အတွက် အဲဒီ Digital Myanmar Project ကိုအကောင်အထည်ဖော်နေကြောင်း၊ e-Government ရဲ့ Phase 2 အဖြစ်အကောင်အထည် ဖော်ဖို့ဆောင်ရွက်နေတာဖြစ်ကြောင်း သိရပါတယ်။ Digital Myanmar Project ဟာ စီးပွားရေး မြင့်မားရေး၊ ပြည်သူ့ဆက်စပ်အစိုးရဖြစ်ပေါ်စေရးနဲ့ ပြည်သူ ပြည်သားတွေရဲ့နေထိုင်မှုအဆင့်အတန်း မြှင့်တင်နိုင်ရေးတို့ကို ရည်ရွယ်တယ်လို့ဆိုပါတယ်။ e-Government Phase 1 ကိုလည်းဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီမှာ ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးစီမံကိန်းလည်းပါဝင်ခဲ့ပါတယ်။ လက်ရှိမှာ e-Government Master Plan ကိုရေးဆွဲခဲ့ပြီး Myanmar National Portal ကိုလည်းတည်ဆောက်နေပြီလို့ဆိုပါတယ်။

အဲ့ဒိစီမံကိန်းကို အစိုးရဗဟိုရုံးတွေ ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင် ဖို့ Digital Myanmar စီမံကိန်းရဲ့ Feasibility Study အစည်းအဝေးတစ်ရပ် ကျင်းပခဲ့တယ်လို့သိရပါတယ်။ အဲဒီအစည်းအဝေးကို သြဂုတ်လ ၁၄ ရက်က နေပြည်တော်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ e-Government Master Plan ကို လွှတ်တော်က အတည်ပြုနိုင်ဖို့ တင်ပြထားပြီး နိုင်ငံတော်အစိုးရက e-Government လုပ်ငန်းစဉ်တွေကို ဦးစားပေးဆောင်ရွက်ဖို့ တိုက်တွန်းထားတယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်မျိုးက အဲဒီအခမ်းအနားမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ဆက်သွယ်ရေး ကဏ္ဍပြုပြင်ပြောင်းလဲရေး စီမံကိန်းတွေရဲ့ပထမအဆင့်ဖြစ်တဲ့ e-Government ပဏာမအခြေခံ စီမံကိန်းတွေကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး Digital Myanmar ကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

-ထွန်းထွန်း