Digital Microfinance 2020 အခမ်းအနားကို Virtual Conference ဖြင့်ကျင်းပမည်

မြန်မာနိုင်ငံရှိ ငွေရေးကြေးရေးဆိုင်ရာ နည်းပညာကုမ္ပဏီဖြစ်တဲ့ ThitsaWorks နဲ့ နိုင်ငံတကာ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများ အတွက် နည်းပညာ ကူညီထောက်ပံ့ပေးနေသည့် Musoni Services တို့ ပူးပေါင်းပြီး Digital Microfinance 2020 အမည်ဖြင့် အသိပညာ မျှဝေပွဲကို ဒီဇင်ဘာလ ၁၀ ရက်၊ နေ့လယ် ၂ နာရီမှ ညနေ ၄ နာရီ အထိ Zoom မှ တစ်ဆင့် ကျင်းပ သွားမယ်လို့ သိရပါတယ်။

Digital Microfinance 2020 အခမ်းအနားမှာ နည်းပညာကို အသုံးပြုနေသော အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ၊ မြန်မာနိုင်ငံရှိ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများရဲ့ လုပ်ငန်းအခြေအနေ၊ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများ အနေဖြင့် ဒစ်ဂျစ်တယ်နည်းပညာ လုပ်ငန်းများ အဖြစ် ပြောင်းလဲနိုင်ရန် လမ်းပြမြေပုံနှင့် ဒစ်ဂျစ်တယ်လုပ်ငန်းများ အဖြစ် ကူးပြောင်းရန် စွမ်းရည်ပြင်ဆင်ခြင်းများ စတဲ့ အကြောင်းအရာများစွာကို ဆွေးနွေးမှာ ဖြစ်တယ်လို့ သိရပါတယ်။အခမ်းအနားကို နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များ၊ ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များနှင့် အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ငွေရေးကြေးရေးဆိုင်ရာ နည်းပညာကုမ္ပဏီများကို ချိတ်ဆက်ပေးပြီး အတွေ့အကြုံများဖလှယ်ကာ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများတွင် ဒစ်ဂျစ်တယ်ပြောင်းလဲမှုများ ပိုမိုဖြစ်ပေါ်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်တယ်လို့ သိရပါတယ်။

COVID-19 ကာလတွင် မြန်မာနိုင်ငံရှိ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများ အနေဖြင့် ၎င်းတို့ရဲ့ နေ့စဥ်လုပ်ငန်းများတွင် အခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ တစ်ချိန်တည်းမှာပဲ e-commerce နှင့် ဒစ်ဂျစ်တယ် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကို အသုံးပြုသူဦးရေ များလာသည့်အတွက် ယခုအချိန်သည် အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများအနေဖြင့် ပိုမို၍ ထိရောက်မြန်ဆန်သော လုပ်ငန်းများနှင့် ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် ဒစ်ဂျစ်တယ် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သင့်သော အချိန်ကောင်းဖြစ်ကြောင်း၊ ယခုကျင်းပပြုလုပ်မယ့်ပွဲမှာ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ် ဘဏ္ဍာရေးကဏ္ဍကို ကိုယ်တိုင်သုံးသပ်နိုင်တဲ့ နေရာတစ်ခု ဖြစ်ကြောင်း၊ ယခုလို ခက်ခဲနေသော ကာလတွင် ထိရောက်သော ဒစ်ဂျစ်တယ် ပြုပြင်ပြောင်းလဲမှုက ဝန်ထမ်းများကို ပတ်ဝန်းကျင်အသစ်တွင် အလုပ်လုပ်နိုင်ရန် ဖန်တီးပေးခြင်း၊ အခွင့်အလမ်းအသစ်များ ရှာဖွေခြင်းနှင့် COVID-19 ကာလ new normal ကို ယှဥ်တွဲ နေထိုင်သွားနိုင်ရေး စတဲ့ အချက်များကို ကူညီပေးနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

ပွဲတက်ရောက်ရန်အတွက် www.thitsaworks.com/digitalmfi2020 မှာ စာရင်းပေးသွင်းနိုင်ပြီး အခြားသိလိုသည်များကို info@thitsaworks.com သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

-အောင်သူ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««