Digital Currency နှင့်ပတ်သက်၍ ငွေကြေးဆုံးရှုံးမှုအန္တရာယ် ကာကွယ်တားဆီးနိုင်ရန် အမိန့်ကြော်ငြာစာထုတ်ပြန်

ဒစ်ဂျစ်တယ်ပုံစံ တစ်မျိုးမျိုးဖြင့် ရှိနေသော ငွေကြေး ( Digital Currency) တွေကိုသုံးစွဲခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်းတို့ကြောင့် ပေါ်ပေါက်လာမယ့် ငွေကြေးဆုံးရှုံးမှု အန္တရာယ်ကို ကာကွယ်တားဆီးနိုင်ဖို့ အတွက် အမိန့်ကြော်ငြာစာကိုမေ ၁၅ ရက်က မြန်မာနိုင်ငံတော်ဗဟိုဘဏ် မှ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၄၀ (င) နှင့် ပုဒ်မ ၆၂ တို့အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှာ ပြည်တွင်းသုံးငွေကို တစ်ဦးတည်းထုတ်ဝေသူနှင့် စီမံခန့်ခွဲသူ ဖြစ်ကြောင်း၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မခွဲ (ဂ) တို့တွင် နိုင်ငံခြားငွေနှင့် နိုင်ငံခြားသုံးငွေ တို့ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို လည်းကောင်း၊ ပုဒ်မ ၃၈ တွင် မည်သူမျှ နိုင်ငံခြားသုံးငွေလုပ်ငန်း၊ လုပ်ကိုင်ခွင့်လိုင်စင်တစ်မျိုးမျိုး မရှိဘဲ နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခြင်း မပြုရဟု လည်းကောင်း၊ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၅၉ တွင် မည်သူမျှ ဗဟိုဘဏ်မှ ထုတ်ပေးသော မှတ်ပုံတင်လက်မှတ် မရှိဘဲ ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းအဖြစ် ထူထောင်လုပ်ကိုင်ခြင်း မပြုရဟု ပြဌာန်းထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ Digital Currency တွေကို တရားဝင်ငွေကြေး အဖြစ် သတ်မှတ်ထားခြင်းမရှိသကဲ့သို့ ယင်းကို ရောင်းဝယ်လဲလှယ်ခြင်းများ ဆောင်ရွက်ရန် ငွေးရေးကြေးရေး အဖွဲ့အစည်းများသို့ ခွင့်ပြုထားခြင်း မရှိကြောင်း၊အချို့သော သူများက Digital Currency တွေဖြစ်တဲ့ Cryptocurrency: Bitcoin (BTC), Litecoin(LTC), Ethereum (ETH) နဲ့ Perfect Money (PM) အစရှိတာတွေကို Personal Facebook account များ Web Page များမှ တစ်ဆင့် ရောင်း/ဝယ် လဲလှယ်မှုတွေကို မိမိကိုယ်တိုင်သော် လည်းကောင်း၊ ဝန်ဆောင်မှုပေးတဲ့ပုံစံနဲ့ သော်လည်းကောင်း ဆောင်ရွက်လျက်ရှိနေတာကို တွေ့ရှိနေရပြီး ထိုကဲ့သို့ ဆောင်ရွက်ပါက သုံးစွဲသူတွေအနေနဲ့ ဆုံးရှုံးနိုင်ခြေ ရှိကြောင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် က ၂၀၁၉ ခုနှစ် မေလ ၃ ရက် နေ့ သတင်းစာမှာ အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း၊ဥပဒေပြဌာန်းချက်ပါ တားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်ပါက ကျူးလွန်သူအား တရားစွဲဆိုမှာ ဖြစ်ပြီး ပြစ်မှုထင်ရှားပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂ နဲ့ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေ ပုဒ်မ ၁၇၁ တို့အရ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ၊ ချမှတ်ခံရမှာ ဖြစ်ကြောင်း အသိပေးကြေညာ ထားပါတယ်။

-သန္တာ