Digimon Story: Cyber Sleuth

Media.Vision ကနေ ဖန်တီးတယ်၊ Bandai Namco Entertainment ကနေ ဖြန့်ချိတယ်၊ အခု ဂိမ်းက Role-playing အမျိုးအစား၊ PlayStation Vtita နဲ့လည်း ကစားနိုင်တယ်။ ပြီးတော့ PS4 နဲ့ရော။ Digimon Story အမည်နဲ့ စတင် ထွက်ရှိလာခဲ့ရာကနေ အခုဂိမ်းက မျိုးဆက် ၅ ဆက်မြောက်အဖြစ် ပွဲထွက်လာမှုပါ။ ၂၀၁၁ ခုနှစ်ကတည်း ထွက်ရှိခဲ့တဲ့ Super Xros Wars ရဲ့ နောက်ဆက်တွဲအဖြစ် ၂၀၁၅ ခုနှစ် မတ်လ ၁၂ ရက်မှာ စတင် ထွက်ရှိနေတာ ဖြစ်ပါတယ်။

အင်္ဂလိပ် အသံထွက်နဲ့တော့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီအတွင်းက ထုတ်လုပ်မှု တွေ့ရပေမယ့် အခု Cyber Sleuth ကိုတော့ ဂျပန် အသံထွက်နဲ့ပဲ ပြန်လည်ဖန်တီးလာပြီး အင်္ဂလိပ်အသံထွက် ပြန်ဖျောက်ထားပြန်ပါတယ်။ ဂျပန်မှာ အခုဂိမ်းကို Cyber Sleuth – Hacker’s Memory အမည်နဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ဒီဇင်လာ ၂၁ ရက်ကတည်းက ကစားနိုင်နေတာ ဖြစ်ပေမယ့် နိုင်ငံတကာကိုတော့ ဖေဖော်ဝါရီ အတွင်းမှာမှ စတင်ဖြန့်ချိလာလို့ အခုမှ မိတ်ဆက်ပေးပါရစေ။

ကစားသူက လူသားအနေနဲ့ ၀င်ကစားရမယ်၊ ဒါပေမဲ့ လူသား အနေနဲ့တော့ တိုက်ခိုက်မှု၊ သွားလာမှု လုပ်ရမှာမဟုတ်ဘဲ မိမိနှစ်သက်တဲ့ အစွမ်းရှိ Digimon ရဲ့ကိုယ်ထဲမှာ ဝင်ရောက်ထိန်းချုပ် ကစားရမှာပါ။ Digimon အဖြစ် ကစားရတာနဲ့ သိပ်တော့ မကွာလှပါဘူး။ မိမိရဲ့ Digimon ကိုအစွမ်းပိုထက်အောင် အကောင်းဆုံး လေ့ကျင့်ပျိုးထောင်ရမယ်၊ ဒီလိုနဲ့ Digimon ကလည်း အရွယ်အစားရော စွမ်းအင်ပါ ပိုမိုကြီးမား ကောင်းမွန်လာမှာ ဖြစ်ပါတယ်။

ကစားသူအနေနဲ့ Takumi Aiba (ကောင်လေး)နဲ့ Ami Aiba (ကောင်မလေး) ဆိုတဲ့ ဂျပန်ဟက်ကာနှစ်ဦးရဲ့ နေရာကနေ ဝင်ကစားနိုင်မယ့် နှစ်သက်ရာ တစ်ဦးနေရာကနေ ဝင်ကစားနိုင်မှာပါ။ သူတို့က Digimon Capture ဆိုတဲ့ စက်ကလေးကို မထင်မှတ်ဘဲ ရခဲ့ကြတယ်။ ဒီစက်ကလေးက သူတို့အနေနဲ့ Digimon ကို ထိန်းချုပ်ဝင်ရောက်နိုင်ဖို့ အခွင့်အလမ်း ဖြစ်လာစေခဲ့တာပါ။ Eater ဆိုတဲ့ ရန်သူတွေကို တိုက်ခိုက်ရမယ်၊ ဒီလိုနဲ့ Digimon တွေ ကြီးမားပြီး စွမ်းရည်ကောင်းလာအောင် ဆက်ကစားရမှာပါ။

ကစားပွဲအစမှာ Palmon, Terriermon နဲ့ Hagurumon လိုတွဲဖက် Digimon တစ်ကောင်ကောင်ကို နှစ်သက်ရာရွေးချယ် တွဲဖက် ကစားနိုင်ပါသေးတယ်။ သင့်အနေနဲ့ ရွေးချယ်ကစားနိုင်မယ့် Digimon ပေါင်း ၂၄၉ ကောင်ထိအောင် ထည့်သွင်းဖန်တီးထားပြီး တစ်ကောင်ချင်းစီမှာ သီးခြားရုပ်ထွက်ရော စွမ်းရည်ပါ ရှိနေတာလည်း ဖြစ်ပါတယ်။

အခုဂိမ်းသစ် မိတ်ဆက်ဖြန့်ချိမှုမှာ New Game Plus ဆိုတဲ့ Mode အသစ်ပါလာပြီး သူကတော့ Digifarm စနစ်နဲ့ ကစားသူတွေရဲ့ လက်ရှိရောက်နေပြီးသား Digimon ရဲ့ အဆင့်၊ စွမ်းရည်၊ စုထားတဲ့ ငွေတွေအပါအဝင် ကစားထားမှုအကြောင်းအရာ အားလုံးကို သိမ်းထားပေးမှာဖြစ်ပြီး မကစားဖြစ်လို့ နားထားသည့်တိုင်အောင် ဂိမ်းစနစ်က သင့်ရဲ့ Digimon ကို ရောက်နေရာ အဆင့်မှာ မှတ်ထားပြီး ပြန်ကစားချိန် အဆိုပါ အဆင့်ကနေ ပြန်လည်ကစားနိုင်စေဖို့ ဖန်တီးထားတာဖြစ်ပါတယ်။ ဒါဆိုရင်တော့ သင့်အနေနဲ့ Cyber Sleuth ကစားမယ်ဆိုရင်တောင် အမြဲကစားဖြစ်ဖို့ အာရုံထားစရာမလိုဘဲ အားလပ်ချိန်မှ ကစားမယ်ဆိုရင်လည်း အဆင်ပြေအောင် ဖန်တီးတဲ့ဂိမ်းပါ။ သင့်အနေနဲ့ ဂိမ်းခွေပဲဝယ်ဖြစ်ထားဖို့ လိုပါလိမ့်မယ်နော်။

-သက်နိုင်ဦး (UCSL)