Desktop နဲ့ မိုဘိုင်း interface ပေါင်းစပ်ထားတဲ့ Windows 10X စာရွက်စာတမ်း ပေါက်ကြားထွက်ပေါ်

Microsoft ဟာ Windows 10X နဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက် အနည်းငယ်ကို အမြည်းမိတ်ဆက်ထားပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ Windows 10X အချက်အလက်တွေ များစွာ ထွက်ပေါ်လာပါတယ်။ လူသိများတဲ့ WalkingCat ဆိုသူက Windows 10X interface အသေးစိတ် အချက်အလက် ဖော်ပြထားတဲ့ စာရွက်စာတမ်းတွေကို ရရှိခဲ့ပါတယ်။

စာရွက်စာတမ်းတွေအရ Windows 10X မှာ tablet လိုမျိုး Start menu ပါဝင်လာမယ်လို့ သိရပါတယ်။ ပုံမှန် desktop interface တွေကို ဖုန်းနဲ့ မိုဘိုင်း tablet မှာမြင်တွေ့ရမယ့် concept နဲ့ ပေါင်းစပ်ထားမယ်လို့ သိရပါတယ်။

Windows 10X ကို Microsoft ရဲ့ Surface Neo ထုတ်ကုန်သစ်မှာ ထောက်ပံ့ပေးထားပြီး ကုမ္ပဏီက ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ Windows 10X ကို ခေါက်ထားနိုင်တဲ့ထုတ်ကုန်နဲ့ မျက်နှာပြင် ၂ ခု ပါဝင်တဲ့ ထုတ်ကုန်တွေအတွက် ဖြန့်ချိမယ်လို့ Microsoft က တရားဝင် အတည်ပြုထားပါတယ်။

Windows 10X မှာ Microsoft က Start Menu ကို Launcher အဖြစ် အသုံးပြုထားပါတယ်။ Start Menu ကို အသုံးပြုပြီး ထုတ်ကုန်အတွင်း ဝက်ဘ်ဆိုက်ရလဒ်တွေ၊ app တွေနဲ့ ဖိုင်တွေရှာဖွေနိုင်မယ်လို့ စာရွက်စာတမ်းမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မကြာခဏ အသုံးပြုထားတဲ့ app တွေ၊ ဖိုင်တွေနဲ့ ဝက်ဘ်ဆိုက်တွေအပေါ် အခြေခံပြီး content ကိုလည်း ပြသပေးမှာ ဖြစ်ပါတယ်။

Windows 10X မှာ Windows Hello facial recognition စနစ်ကို အဆင့်မြှင့်တင်ထားပါတယ်။ သုံးစွဲသူက ထုတ်ကုန် မျက်နှာပြင်ကို ဖွင့်လိုက်တဲ့ authentication ကိုချက်ခြင်း ပြုလုပ်ပေးမှာ ဖြစ်ပြီး Windows 10 မှာလိုမျိုး lock ကိုဖြေစရာမလိုတော့ပါဘူး။ ထုတ်ကုန်ကို နှိုးလိုက်တာနဲ့ Windows Hello Face က သုံးစွဲသူကို မှတ်မိပြီး desktop ကိုပို့ဆောင်ပေးမှာဖြစ်တယ်လို့ စာရွက်စာတမ်းမှာ ဖော်ပြထားပါတယ်။

Microsoft ဟာ စာရွက်စာတမ်းတွေမှာ Modern File Explorer အကြောင်းကို ဖော်ပြခဲ့ပါတယ်။ Modern File Explorer ဟာပုံမှန် File Explorer ဗားရှင်းရဲ့ ခေတ်သစ် Universal Windows App (UWP) ဖြစ်ပါတယ်။ Modern File Explorer ဟာ touch ထုတ်ကုန်တွေနဲ့ ပိုမိုယဉ်ပါးပြီး Office 365, OneDrive နဲ့အခြား cloud ဝန်ဆောင်မှု အတွင်း သိမ်းဆည်းထားတဲ့ စာရွက်စာတမ်းတွေကို ရိုးရှင်းစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Microsoft ဟာ Windows 10X မှာ Action Center (သတိပေးချက်စင်တာ) နဲ့ quick settings ကိုရိုးရှင်းအောင် ပြုလုပ်ပေးထားပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ ထုတ်ကုန် settings နဲ့ ဘက်ထရီ သက်တမ်းလိုမျိုး အရာတွေကို အရေးကြီးအရာအဖြစ် ပြသပေးနိုင်အောင် ပြုလုပ်ထားပါတယ်။ Windows 10X မှာ Wi-Fi, Bluetooth, airplane mode, rotation lock နဲ့ projection စတာတွေကို default quick settings ထဲထည့်သွင်းနိုင်ပါတယ်။

-စိုးထက်
Ref: TheVerge