Dell XPS 17

ဈေးနှုန်း – ကန်ဒေါ်လာ ၃၀၄၉

အားသာချက်

ကျစ်လျစ်မှုရှိတဲ့ ကိုယ်ထည်ဒီဇိုင်းက ဆွဲဆောင်မှုအပြည့်ရှိပါတယ်။ မြင့်မားကောင်းမွန်တဲ့ ဂရပ်ဖစ်စွမ်းဆောင်ရည်၊ အသံနဲ့ Display ကလည်း လှပမှုရှိတာ သဘောကျစရာပါ။ ဘက်ထရီနဲ့အချိန်ကြာကြာအသုံးပြုနိုင်တာတွေက ဒီ Laptop ရဲ့ အားသာချက်လို့ဆိုရမှာပါ။

အားနည်းချက်

ကိုယ်ထည်က လေးလံတာ၊ ဈေးနှုန်းကြီးမြင့်တာနဲ့ ports တွေ စုံလင်စွာ ထောက်ပံ့ပါဝင်မှုမရှိတာကတော့ ဒီ Laptop ရဲ့ အားနည်းချက်ပဲဖြစ်ပါတယ်။

သုံးသပ်ချက်

ပါးလွှာပြီး ကျစ်လျစ်လှပတဲ့ပရီမီယံ ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့ Dell XPS 17 က ၁၆ လက်မအရွယ်အစား MacBook Pro ရဲ့ တကယ့်ပြိုင်ဘက် Laptop တစ်လုံးလို့ဆိုရမှာပါ။ ၁၅ လက်မအရွယ်အစား Laptop ကိုယ်ထည်ထက် ပိုမိုကျစ်လျစ်သေးငယ်တဲ့ ကိုယ်ထည်မှာ 16:10 aspect ratio ရှိတဲ့ ၁၇ လက်မ Display ကို ထည့်သွင်းအသုံးပြုထားတာဖြစ်ပြီး ကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုနှုန်း ၉၃.၇ ရာခိုင်နှုန်းရှိပါတယ်။ ၁၅ လက်မအရွယ်အစားတွေထက် ကိုယ်ထည်ဒီဇိုင်းက ၄၈ ရာခိုင်နှုန်းပိုမိုသေးငယ်ပါတယ်။ မြင့်မားကောင်းမွန်လှတဲ့ CPU, GPU စနစ်တွေ၊ များပြားလှတဲ့ SSD သိုလှောင်နိုင်မှု၊ ကောင်းမွန်တဲ့ အသံအရည်အသွေး၊ အချိန်ကြာကြာအသုံးပြုနိုင်တဲ့ ဘက်ထရီစနစ်တွေအပြင် High-res 4K အရည်အသွေး Touchscreen Display ကို အသုံးပြုထားတာက ပြိုင်ဘက်ကင်း laptop တစ်လုံးလိုပါပဲ။ ပါးလွှာတဲ့ အလူမီနီယံကိုယ်ထည်က လေးလံတာနဲ့ ဈေးနှုန်းကြီးမြင့်တယ်လို့ခံစားရတာကလွဲရင် ထိပ်တန်းစွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားတဲ့ Laptop တစ်လုံးဖြစ်ပါတယ်။ မိမိအနေနဲ့ ပေါ့ပါးပြီး ဘက်ထရီပိုကြာကြာခံတာ၊ ပိုမြန်တဲ့ SSD ပါဝင်တာကို လိုချင်ရင်တော့ ကန်ဒေါ်လာ ၃၈၉၉ တန် ၁၆ လက်မ MacBook Pro ကို ပိုစဉ်းစားသင့်ပါတယ်။ Dell XPS 17 က စတိုင်ကျလှပပြီး စွယ်စုံစိတ်ကြိုက်သုံးနိုင်တဲ့ ပရီမီယံ high-end laptop တစ်လုံးကို အသုံးပြုချင်သူတွေအတွက်ကတော့ ထိပ်တန်းရွေးချယ်စရာ Laptop တစ်လုံးပဲဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Dell XPS 17 ရဲ့ ၁၇ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေး 3840x2400p အထိထောက်ပံ့ပေးနိုင်တဲ့ 4K Touchsceen panel အမျိုးအစားဖြစ်ပါတယ်။ ဒီ laptop မှာ အမြန်နှုန်း 2.3GHz ရှိတဲ့ 10th Gen Intel Core-i7-10875H processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Nvidia GeForce RTX 2060 Max-Q GPU (VRAM 6GB) ထောက်ပံ့ပါဝင်ပါတယ်။ RAM 32 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 1TB M.2 PCIe SSD တွေ ပါဝင်ပါတယ်။ စပီကာနှစ်လုံးရဲ့ အသံထွက်ပိုင်းက ကောင်းမွန်မှု ရှိပါတယ်။ 720p Webcam အမျိုးအစားက သုံးရတာ အဆင်ပြေသလို ၃.၅x၆ လက်မ Touchpad က တုံ့ပြန်မှုပိုင်း မြန်ဆန်ကောင်းမွန်လှပါတယ်။ ဒီ Laptop မှာ Thunderbolt 3 USB-C ပေါက်လေးပေါက်၊ နားကြပ်ပေါက်နဲ့ SD ကတ်ပေါက်တွေ ထည့်သွင်းထားပြီး လက်ဗွေလုံခြုံရေးစနစ်လည်းထောက်ပံ့ပါဝင်ပါတယ်။

4K display အသုံးပြုထားတဲ့ Laptop တော်တော်များများက ဘက်ထရီနဲ့ ၈ နာရီလောက်ကြာအောင်တောင် အသုံးမပြုနိုင်တာများပါတယ်။ ဒါပေမဲ့ XPS 17 က မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၉ နာရီနဲ့ ၀၅ မိနစ်ခန့် အသုံးပြုနိုင်တာက အထင်ကြီးစရာကောင်းလှပါတယ်။ အလေးချိန်ကတော့ ၂.၄ ကီလိုဂရမ် (၅.၅ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း
Ref: www.Laptopmag.com