Defunct

ဆွီဒင်နည်းပညာ ကျောင်းသားအဖွဲ့ Freshly Squeezed အဖွဲ့ကနေ ဖန်တီးပြီး နယ်သာလန်ဂိမ်းထုတ်လုပ်ရေး ကုမ္ပဏီ SOEDESCO ကနေ ဖြန့်ချိလာတဲ့အခုဂိမ်းက တချို့လည်း ကစားဖူးမှာပါ။ အကြောင်းက ပြည်တွင်းမှာ PS4 တွေ Xbox One တွေထက်စာရင် PC တွေနဲ့ဂိမ်း ကစားသူ ပိုများလို့လည်း ဖြစ်သလို တစ်ဖက်ကအခုဂိမ်းကို ကနဦး ဖြန့်ချိမှုအဖြစ် PC တွေ အတွက် အရင်နှစ်ကတည်းက ထွက်နေခဲ့တာဖြစ်ပြီး အခုမှ PS4 နဲ့ Xbox One တွေအတွက် ကစားနိုင်လာတာ ဖြစ်လို့ပါ။

နိုင်ငံတကာ ဂိမ်းလောက မှာတော့ တော်တော်လေး နာမည်ရနေပါတယ်။ PC တွေ ထက်စာရင် Console တွေနဲ့ ကစားရတာက ပိုကောင်းပါတယ်၊ အထူးသဖြင့်တော့ စိတ်ကြိုက် ထိန်းချုပ် ကစားလာနိုင်မှု ရှိလာ တာပေါ့။ ဂိမ်းကို ၂၀၁၄ ခုနှစ်အတွင်း မဖြန့်ချိခင် မိတ်ဆက်ကတည်းက ဆွီဒင်မှာ တစ်နှစ်တာ အကောင်းဆုံးဂိမ်းဆု အပါအ၀င် ဆုပေါင်းများစွာရခဲ့တဲ့ ဂိမ်းလည်း ဖြစ်ခဲ့ပါတယ်။

စွန့်စားခန်း ဂိမ်းအမျိုးအစား ဖြစ်ပြီး PC တွေ အတွက် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၉ ကတည်းက ထွက်ရှိ နေတာဖြစ်ပေမယ့် PS4 နဲ့
Xbox အတွက်တွေကတော့ ၂၀၁၇ ဒီဇင်ဘာ ၁၉ မှာမှ ထွက်ရှိလာခဲ့တာပါ။ Single အနေနဲ့ပဲ ကစားနိုင်ပါတယ်။ ဂိမ်းကခေတ် လွန်ဂိမ်းတစ်ခုပါ။ လူသားကမ္ဘာ ကုန်ဆုံးပြီးသင် ၀င်ရောက် ကစားရမယ့် ဇာတ်ကောင်က သက်တမ်းကြာနေပြီ၊ ပျက်စီးနေပြီ ဖြစ်တဲ့ စက်ရုပ်တစ်ရုပ်ပါ။

ဒီလို အားနည်းချက်တွေနဲ့ စက်ရုပ်ကို ရွှေ့လျားဖို့ရော အားနည်းချက် ပြင်ဆင်ဖို့ပါ ပတ်ဝန်းကျင် တဝိုက်ကိုသွားလာပြီး လိုအပ်တဲ့ပစ္စည်းနဲ့ အားဖြည့်မှုတွေ လုပ်ရမယ်။ တောင်ဆင်း၊ တောင်တက် လမ်းတွေ လည်း ပါတယ်၊ အပြင်မှာလိုပဲ တောင်ဆင်းချိန်မှာ စက်ရုပ်က မြန်မြန်သွားနိုင်မယ်၊ တောင်တက်ခရီးမှာတော့ နှေးမယ်၊ အများစုသော ပတ်ဝန်းကျင်နဲ့ သွားလာနိုင်မှုတွေက ပြင်ပလက် တွေ့ကမ္ဘာနဲ့ သိပ်မကွာပါဘူး။

ကစားချိန် ကြာလာပြီး စက်ရုပ်ကို အကောင်းဆုံး ပြင်ဆင်မှု လုပ်ဆောင်လာပြီးတိုင်း level တက်လာပါလိမ့်မယ်၊ Level မြင့်လာတိုင်း သင့်စက်ရုပ်ရဲ့ လှုပ်ရှားနိုင်မှုနှုန်းရော စွမ်းရည်ပါ တိုးတက် မြန်ဆန်လာပါတယ်။ Enerjuice ဆိုတဲ့ စက်ရုပ်အတွက် အားဖြည့်အရည်တွေ သောက် သုံးနိုင်မယ်၊ Enerjuice ကို တွေ့ပြီး မသုံးသေးရင်လည်း သိမ်းထားနိုင်မယ်၊ လိုအပ်မှ သုံးပေါ့။
Magnetize ဆိုတဲ့ စွမ်းရည်ကို လည်း အထက်၊ အောက် ခုန်ကူးသွားလာချိန်တွေမှာ အားပို ကောင်းအောင် ထုတ်သုံးနိုင် ပါသေးတယ်။ တိုက်ခိုက်မှုထက် ပဟေဠိဆန်ဆန် ခေတ်လွန် ကမ္ဘာထဲမှာ စက်ရုပ်တစ်ရုပ် အတွက် ဆက်လက် ရှင်သန် နိုင်အောင် ကြိုးစားရမှာပါ။

ထူးခြားချက်ကတော့ အခုဂိမ်းကို နည်းပညာ ကျောင်းသား တွေ စုပေါင်းဖန်တီးထားခြင်း ဖြစ်ပြီး မဖြန့်ချိခင် မိတ်ဆက်က တည်းက ဆုပေါင်း ၆ ဆုအတွက် ဆန်ကာတင် စာရင်းဝင်ခဲ့ပြီး အကောင်းဆုံး ၂ ဆုရတယ်၊ ကျန် ၄ ဆုမှာလည်း ထိပ်ဆုံးစာရင်း ဝင်ခဲ့တာပါ။ ဂိမ်းက ကစားရ လွယ်ကူတယ်၊ ဆွဲဆောင်မှုလည်းရှိတယ်၊ အငယ်တန်းဂိမ်း သမားတွေပါ ကစားနိုင်ပြီး အနိုင်ရဖို့အတွက် စိန်ခေါ်မှုကလည်း ရိုးရိုးလေးပါ။ ဒါပေမဲ့ သင့်ရဲ့သက်တမ်းရင့်နေတဲ့ စက်ရုပ်ကို အချိန်မီ လိုအပ်ချက် ပြင်ဆင်နိုင်မှု မရှိဘူးဆိုရင်တော့ အနိုင်ရတဲ့ အဆင့် မရောက်ခင်မှာဘဲ ဂိမ်းကိုအစကနေ ပြန်ကစားရပါလိမ့် မယ်။ လွယ်မလိုနဲ့ ခက်တဲ့ စွန့်စားခန်းဂိမ်းတစ်ခုပါ။ ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပါစေ။

-သက်နိုင်ဦး (UCSL)