Cristiano Ronaldo ရဲ့ လူမှုရေး မီဒီယာတွေကနေ တစ်နှစ် ဒေါ်လာသန်း ၅၀၀ ရနေတဲ့ Nike

Ballon d’Or ဆု လေးကြိမ်ရရှိထားတဲ့ Cristiano Ronaldo ဟာ နာမည်ကျော်ကြားတဲ့ ဘောလုံးသမားတစ်ယောက် ဖြစ်ရုံသာမက ကုန်အမှတ်တံဆိပ်တွေရဲ့ တန်ဖိုးအကြီးဆုံး အားကစားသမား တစ်ယောက်အဖြစ် ရပ်တည်လို့နေပါတယ်။

အဲ့ဒီ ပေါ်တူဂီတိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်ကနေ ရီးယဲမက်ဒရစ်ကို ပြောင်းရွှေ့ကစားခဲ့တဲ့ ၈ နှစ်တာ ကာလအတွင်း ကလပ်ရဲ့ ဂိုးသွင်းအများဆုံးစံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။

Ronaldo ဟာ အင်္ဂလန် ပရီးမီးယားလိဂ်၊ စပိန် လာလီဂါနဲ့ ဥရောပ ချန်ပီယံလိဂ်တို့မှာ ကလပ်အသင်းတွေနဲ့ ထိပ်တန်းအောင်မြင်မှုတွေ ရယူနိုင်ခဲ့သလို ပေါ်တူဂီအသင်းနဲ့လည်း ၂၀၁၆ ဥရောပချန်ပီယံဖလားကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

သူ့ရဲ့အောင်မြင်မှုကြောင့် ဝင်ငွေများစွာရရှိခဲ့ပြီး ၂၀၁၆ ခုနှစ်တစ်နှစ်တည်းမှာပဲ ဒေါ်လာ ၈၈ သန်း ရရှိခဲ့တယ်လို့ Forbes က ပြောကြားခဲ့ပါတယ်။ အဲ့ဒီဝင်ငွေထဲမှာ လစာနဲ့ဆုကြေးတွေကနေ ဒေါ်လာ ၅၆ သန်းရရှိခဲ့ပြီး ကြော်ငြာစာချုပ်တွေကနေ ဒေါ်လာ ၃၂ သန်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကြော်ငြာစာချုပ်ကနေရရှိတဲ့ ဝင်ငွေများအနက် အများဆုံးက Nike ထံကနေ ရရှိခဲ့တာပါ။ နာမည်ကျော် အားကစားဝတ်စုံ ကုမ္ပဏီကြီးဖြစ်တဲ့ Nike ဟာ ၂၀၁၆ ဒီဇင်ဘာလမှာ Ronaldo နဲ့ ဒေါ်လာ ၁ ဘီလျံတန် တစ်သက်တာစာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပါတယ်။

ဒီစာချုပ်ရဲ့တန်ကြေးဟာ များပြားလွန်းတယ်လို့ဆိုနိုင်ပေမယ့် Nike က Ronaldo လိုပဲ အကျိုးအမြတ်တွေ ရရှိခဲ့ပါတယ်။

Nike ဟာ ၂၀၁၆ ခုနှစ် တစ်နှစ်တည်းမှာပဲ Ronaldo ရဲ့ လူမှုရေးမီဒီယာတွေကနေ ဒေါ်လာ သန်း ၅၀၀ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
Ronaldo ရဲ့ လူမှုရေးမီဒီယာတွေမှာ ပရိသတ် ၂၆၂ သန်းရှိပါတယ်။ အဲ့ဒီအထဲမှာ Facebook follower သန်း ၁၂၀ ရှိပြီး Twitter follower က သန်း ၅၀ ရှိပါတယ်။ Instagram မှာတော့ ၉၂ သန်း ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ Ronaldo က Nike logo နဲ့ Nike mention ပါဝင်တဲ့ post ၃၄၇ ခု တင်ခဲ့ပြီး Like, share နဲ့ comment အရေအတွက် ၄၇၇ သန်း ရရှိခဲ့ပါတယ်။

Nike အတွက် အောင်မြင်မှုအရှိဆုံး post တစ်ခုကတော့ ယူရို ၂၀၁၆ ဗိုလ်လုပွဲမှာ ပေါ်တူဂီက ပြင်သစ်ကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိပြီးနောက် တင်ခဲ့တဲ့ Instagram message ဖြစ်တယ်လို့ Forbes က ပြောကြားခဲ့ပါတယ်။

Ronaldo ကို ပဲရစ်မြို့ရဲ့ အထင်ကရ Eiffel Tower ပုံစံ ပုံဖော်ထားတဲ့ အဲ့ဒီ post ဟာ like ၁.၇ သန်းနဲ့ comment ၁၂,၇၅၀ ကျော် ရရှိခဲ့ပါတယ်။ Nike အတွက် ဒီ post က ဒေါ်လာ ၅.၈ သန်း တန်ကြေးရှိခဲ့တယ်လို့ သိရပါတယ်။

 

Ref: BusinessInsider