COVID-19 ရောဂါတုံ့ပြန်ဆောင်ရွက်ရာတွင် စေတနာ့ဝန်ထမ်း (Volunteer) ပါဝင်ဆောင်ရွက်လိုသူများစာရင်းပေးသွင်းနိုင်

အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ (National Volunteer Steering Unit) တွင် စေတနာ့ဝန်ထမ်း (Volunteer) အဖြစ် မိမိ၏အချိန်၊ လုပ်အား၊ ကျွမ်းကျင်မှု၊ အကြံဉာဏ် စသည်တို့ကို အခကြေးငွေမယူဘဲ ပါဝင်လိုသူများ စာရင်းပေးသွင်းနိုင်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အဆိုပါစေတနာ့ဝန်ထမ်း (Volunteer) အစီအစဉ်တွင် သတ်မှတ်လုပ်ငန်းစဉ်နှင့် သတ်မှတ်ကာလ အတွင်း ပါဝင်လိုသူများအနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ Facebook စာမျက်နှာဖြစ်သော Ministry of Social Welfare, Relief and Resettlement Myanmar သို့ ဝင်ရောက်၍ သတ်မှတ်ထားသော Volunteer Registration ပုံစံကို ဖြည့်စွက်ပြီး ၅-၅-၂၀၂၀ ရက်၊ ညနေ (၆:၀၀) နာရီ နောက်ဆုံးထား စာရင်းပေးသွင်းဖို့ လိုအပ်မှာဖြစ်ပါတယ်။စေတနာ့ဝန်ထမ်းလုပ်ငန်းစဉ်တွင် သတ်မှတ်အချိန်ကာလအပြည့် မိမိတစ်ဦးချင်းအနေဖြင့် ဆန္ဒအရပါဝင်ဖို့နှင့် လက်ရှိသက်ဆိုင်ရာ ‌ ဒေသအလိုက် Community Based Facility Quarantine Center များတွင် စေတနာ့ဝန်ထမ်း (Volunteer) အဖြစ် ဆောင်ရွက်လျက်ရှိသူများကိုလည်း စာရင်းကောက်ယူမှတ်တမ်းတင်လျက် ရှိတယ်လို့သိရပါတယ်။

ပါဝင်ဆောင်ရွက်ကြမယ့် စေတနာ့ဝန်ထမ်းတွေအတွက် လိုအပ်သော သင်တန်းများပေးခြင်း၊ လုံခြုံရေးအကာအကွယ်များ ဆောင်ရွက်ပေးခြင်း၊ အနေအထိုင်၊ အစားအသောက်၊ အသွား အလာ ကိစ္စများအတွက် စနစ်တကျ ပံ့ပိုးကူညီခြင်း၊ လုံလောက်သောအနားယူ အပန်းဖြေမှေရရှိစေခြင်းနှင့် နိုင်ငံတော်ကအသိအမှတ်ပြုခြင်းများ ဆောင်ရွက်ပေးလိုသဖြင့် အမျိုးသားအဆင့် စေတနာ့ ဝန်ထမ်း ဦးဆောင်အဖွဲ့ (National Volunteer Steering Unit) ကို ဖွဲ့စည်း ဆောင်ရွက်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

-ရဲထွဋ်ဝင်း