COVID-19 ရောဂါဆိုင်ရာ စီမံခန့်ခွဲမှုများအတွက် Logistic Management Dashboard ကို ဆောင်ရွက်ထားရှိပြီးဖြစ်

COVID-19 ရောဂါဆိုင်ရာ ဆေးနှင့် ဆေးပစ္စည်းရရှိမှု၊ ဖြန့်ဝေမှု၊ သုံးစွဲမှုများကို စီမံခန့်ခွဲမှုများ အတွက် Logistic Management Dashboard ကို ဆောင်ရွက်ထားရှိပြီးဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောပါတယ်။

“စီမံခန့်ခွဲမှုများအတွက် Logistic Management Dashboard ကိုလည်း ဆောင်ရွက်ထားရှိပြီး တိုင်းဒေသြီး /ပြည်နယ်၊ မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနများနှင့် ဆေးရုံများတွင် စတင် အသုံးပြုလျက်ရှိပါကြောင်း၊ COVID-19 ဆိုင်ရာ သတင်းအချက်အလက်များ စီမံခန့်ခွဲမှုစနစ် Web-based COVID-19 Database Management System Application (http://covid19db.mohs.gov.mm/) ကိုလည်းရေးဆွဲထားပြီး အဆိုပါ application ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ အတွင်းမှာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ Quarantine Centre များနှင့် နေပြည်တော်ပြည်သူ့ဆေးရုံ (ခုတင်-၃၀၀) တို့တွင် ကနဦး (Pilot) အနေနဲ့ အသုံးပြုဆောင်ရွက်ခဲ့ပြီး လာမယ့် ဒီဇင်ဘာလမှ စတင်ကာ အသုံးပြုသွားမှာဖြစ်ပြီး အခြား တိုင်းဒေသကြီး/ပြည်နယ်တွင်လည်း အသုံးပြုသွားနိုင်ရေး ဆက်လက် ဆောင်ရွက်မှာဖြစ်ကြောင်း ဒေါက်တာမြင့်ထွေးက ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် ကိုဗစ်-၁၉ အပေါ်မြန်မာနိုင်ငံတုံ့ပြန်မှု အွန်လိုင်းဆွေးနွေးပွဲ မှာ ပြောကြားခဲ့ပါတယ်။

ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် ကိုဗစ်-၁၉ အပေါ်မြန်မာနိုင်ငံတုံ့ပြန်မှု အွန်လိုင်းဆွေးနွေးပွဲကို နိုဝင်ဘာ ၂၈ ရက် နေ့လယ် ၂ နာရီက ကျင်းပခဲ့တာ ဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ မြန်မာနိုင်ငံဒစ်ဂျစ်တယ်မီဒီယာအသင်းဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးသောင်းစုငြိမ်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးကိုကို (စက်မှုတက္ကသိုလ်) နှင့် ဒေါ်နန်းကလျာဝင်း၊ အတွင်းရေးမှူး ဦးမင်းဆွေလှိုင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာဝာာဝန်ရှိသူများ၊ ဟောပြောဆွေးနွေးသူများ တက်ရောက်ခဲ့ကြပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««