COVID-19 ရောဂါကာလအတွင်း အွန်လိုင်းမှ လိမ်လည်နေမှုများအပြင် မှုခင်းများကာကွယ်ရန် အသိပေးကြေညာချက်ထုတ်ပြန်

COVID-19 ရောဂါကာလအတွင်း Cyber / Online တို့မှ လိမ်လည်နေမှုများ၊ မှုခင်းများကာကွယ်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အသိပေးကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်မှာ ပြည်သူတွေအနေနဲ့ မိမိနှင့်ရင်းနှီးကျွမ်းဝင်သော email များနှင့် မိမိအသုံးပြုနေသော Links များ မဟုတ်ပါက attached files များကို ဖွင့်ကြည့်ခြင်းမပြုရန်၊ မိမိ email နှင့် databases များကို ပုံမှန်စစ်ဆေးခြင်း၊ online / offline အသုံးပြု၍ backup လုပ်ထားရန်၊ လုံခြုံမှုအပြည့်အဝရှိမည့် password ကိုအသုံးပြုရန်၊ Antivirus software နှင့် မိမိကွန်ပျူတာရှိ software များကို update ပြုလုပ်ရန်၊ Social media များ၏ လုံခြုံရေးစနစ်ကို ခိုင်မာမှုရှိအောင် စီမံရန်၊ မိမိနေအိမ်တွင်အသုံးပြုသော network အား လုံခြုံမှုစနစ် သေချာတပ်ဆင်ရန်၊ မိသားစုဝင်များ၊ အထူးသဖြင့် ကလေးသူငယ်များအား Online စနစ်လုံခြုံမှုနှင့် ပတ်သက်၍ ပညာပေးပြောကြားရန်၊ လူသွားလူလာပြတ်သည့်နေရာများ၊ လမ်းများတွင် လုယက်မှုကျူးလွန်ခြင်းများ၊ အိမ်တွင်းအကြမ်းဖက်မှုများ ဖြစ်ပွားနိုင်သည်ကို သတိပြုကြရန်တို့ပဲဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ ဒုစရိုက်သမားများအား ပြင်ပတွင် တွေ့မြင်ရမှုနည်းပါးသွားပြီး Online နှင့် အိမ်တွင်း ကျူးလွန်မှုများအဖြစ်သို့ ပြောင်းလဲသွားခြင်း၊ Home Stay ကြောင့် Online Games များ ပိုမိုအသုံးပြုလာကြရာ Cyber ဒုစရိုက်သမားများက Game နည်းလမ်းသစ်များ တီထွင်ထုတ်လွှင့်၍ ငွေကြေးလိမ်လည်မှုများ၊ ကွန်ပျူတာထိခိုက်ပျက်စီးရေး ရည်ရွယ်၍ Malware နှင့် Ransomware ကဲ့သို့သော Virus များနှင့် တိုက်ခိုက်လာခြင်း၊ ဆေးရုံများ၏အင်တာနက်နှင့် ချိတ်ဆက်မှုစနစ်များ၊ အရေးပေါ်လူနာခွဲစိတ်မှုများ၊ COVID-19 ကူးစက်ရောဂါကုသမှုနှင့် လူနာစောင့်ကြည့်သည့်စနစ်များ အပေါ် ဆိုက်ဘာတိုက်ခိုက်မှုများ ဆောင်ရွက်လာခြင်း၊ ဒုစရိုက်သမားများသည် COVID-19 နှင့် ဆက်စပ်သော Stock ရင်းနှီးမြှုပ်နှံမှုများတွင် ရောဂါဖြစ်နေသူများ၏ အရင်းအနှီးများကို နည်းမျိုးစုံဖြင့် လိမ်လည်/ ခြိမ်းခြောက် ငွေကြေးရယူခြင်း၊ လိမ်လည်သူများသည် ဆေးဝါးပစ္စည်းများရောင်းချရန်နှင့် ဖြန့်ဝေရာ website, e-commerce platforms, social medias, emails များ အသုံးပြုလျက်ရှိရာ နာမည်ကြီး ကုမ္ပဏီများ၏အမည်ကိုအသုံးပြု၍ ငွေလွှဲပြောင်းလိမ်လည်ရယူခြင်း၊ တယ်လီဖုန်းများအသုံးပြု၍ COVID-19 ကပ်ရောဂါဖြင့် ဆေးရုံတက်နေရသူ၊ Quarantine စခန်းဝင်နေရသူဟု လိမ်လည်ပြောဆို၍ ပြည်သူ့ကျန်းမာရေးကိုယ်စားလှယ်များထံ ငွေသား/ I-pay တို့ဖြင့် ဆေးဝါးကုသစရိတ်များ လိမ်လည်တောင်းခံခြင်း၊ Online များတွင် ဆရာဝန်/အထူးကုသမားတော်များဟု ဟန်ဆောင်ထုတ်လွှင့်ပြီး ဆေးဝါးအတုများ ဝယ်ယူစေခြင်း၊ စိုးရိမ်ကြောက်ရွံ့နေသူများထံမှ email နှင့် Password များတောင်းခံ၍ website များဝင်ကြည့်စေပြီး ငွေကြေးလိမ်လည် ရယူခြင်း၊ COVID-19 ကာကွယ်ရန် masks များနှင့် PPEs ဝတ်စုံများ၊ Alocohol Gels များ ဝယ်ယူရန်အမည်ခံ၍ ငွေကြေးများလိမ်လည်ခြင်း၊ Online နှင့် ပြင်ပလူမှုနယ်ပယ်တွင် စံမမီဆေးဝါးနှင့် ပစ္စည်းများ၊ ကုသရေးဆိုင်ရာ ပစ္စည်းအတုများ ရောင်းချခြင်းနှင့် ကြော်ငြာခြင်းများ များစွာဖြစ်ပွားနေပြီး မှုခင်းများ၏ အဓိကနယ်ပယ်တစ်ခုဖြစ်လာခြင်း၊ တရားမဝင်ကုန်ပစ္စည်းများနှင့် စံမမီဆေးဝါး ထုတ်လုပ်ရောင်းချမှုများကြောင့် ပြည်သူများ၏ အသက်အန္တရာယ်အတွက် များစွာစိုးရိမ်ဖွယ်ဖြစ်နေခြင်း၊ အခြေအမြစ်မရှိသော Online ဆက်သွယ်မှုများမှ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ၊ မမှန်သတင်းများထုတ်လွှင့်ခြင်း၊ ခြိမ်းခြောက်ငွေတောင်းယူမှုများ ကျူးလွန်ခြင်း။ Online Delivery ပို့ဆောင်သူများထံမှ ရောဂါကူးစက်နိုင်သည့်အပြင် မိမိနှင့် သိကျွမ်းမှုမရှိသော Delivery များက အစားအသောက်များတွင် မူးဝေမေ့လျော့စေသော ဆေးဝါးများထည့်သွင်း၍ အိမ်တွင်းခိုးယူမှု၊ လုယက်မှုများ ကျူးလွန်ခြင်းများကို ကြုံတွေ့နိုင်ရကြောင်း ထုတ်ပြန်ချက်မှာအသိပေးထားပါတယ်။

COVID-19 ကာလအတွင်း အရေးအကြောင်း တစ်စုံတစ်ရာရှိပါက လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် လှည့်ကင်းများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် တာဝန်ရှိသူများ၊ နယ်မြေအလိုက် အရေးပေါ် ဆက်သွယ်အကြောင်းကြားနိုင်သည့် နီးစပ်ရာ ရဲစခန်းဖုန်းနံပါတ်များသို့ ဆက်သွယ် အကြောင်းကြားကြရန်ကိုလည်း အသိပေးနှိုးဆော်ထားပါတယ်။

-သန္တာ

အင်တာနက်ဂျာနယ်ရဲ့ YouTube Channel ဖြစ်တဲ့ https://www.youtube.com/internetjournaltv မှာလည်း ဗီဒီယိုသတင်းတွေကို ကြည့်ရှုနိုင်တယ်နော် . . .