COVID-19 ရောဂါကာကွယ်တားဆီးရေးလုပ်ငန်း ဆန်းစစ်ပုံစံများဖြင့် ဆန်းစစ်စိစစ် အကဲဖြတ်ဆောင်ရွက် ပြီးစီးသည့်ကျောင်း စုစုပေါင်း ( ၇၀၀၄ ) ကျောင်းရှိ

ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာနတွင် စာရင်းရှိ အခြေခံပညာအထက်တန်းအဆင့်ကျောင်း စုစုပေါင်း (၇၁၇၃) ကျောင်းရှိသည့် အနက် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၈ ရက်အထိ Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ် တားဆီးရေး လုပ်ငန်း ဆန်းစစ်ပုံစံ (Check List) တွေနဲ့ ဆန်းစစ် စိစစ် အကဲဖြတ် ဆောင်ရွက် ပြီးစီးတဲ့ကျောင်း စုစုပေါင်း ( ၇၀၀၄ ) ကျောင်းရှိတယ်လို့သိရပါတယ်။

စာရင်းရှိ အခြေခံပညာအထက်တန်းအဆင့်ကျောင်း စုစုပေါင်း (၇၁၇၃) ကျောင်းရှိသည့် အနက် ၂၈-၇-၂၀၂၀ ရက်နေ့အထိ Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ် တားဆီးရေး လုပ်ငန်း ဆန်းစစ်ပုံစံ(Check List) များဖြင့် ဆန်းစစ် စိစစ် အကဲဖြတ် ဆောင်ရွက် ပြီးစီးသည့်ကျောင်း စုစုပေါင်း ( ၇၀၀၄ ) ကျောင်းရှိပြီး အဆင်သင့် (A အဆင့်)ဖြစ်၍ ဖွင့်လှစ်လျက် ရှိသည့်ကျောင်း စုစုပေါင်း (၃၉၉၉) ကျောင်းရှိကြောင်း၊ (B အဆင့်) နှင့် (C အဆင့်) တို့အား ထပ်မံ ဆန်းစစ် စိစစ်အကဲဖြတ်ခဲ့ရာတွင် အဆင်သင့်(A အဆင့်) ဖြစ်သည့် ကျောင်း (၁၃၈၅) ကျောင်း ရှိကြောင်း၊ ကျန်ရှိနေသော(B အဆင့်) နှင့် (C အဆင့်)ကျောင်းများကိုလည်း အမြန်ဆုံးပေါင်းစပ် ဖြည့်ဆည်းပေးရန်နှင့် ပြန်လည်ဖွင့်လှစ်ခွင့်ပြုချက်ရရှိရေးအတွက် စစ်ဆေးအကဲဖြတ်၍ ပြန်လည် တင်ပြရန်အလေးထားဆောင်ရွက်စေလိုကြောင်း၊ အခြေခံပညာကျောင်းများဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ပူးပေါင်း ပြုစုထားသော COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေး ဆရာဆရာမများ၊ မိဘများနှင့် ကျောင်းသား ကျောင်းသူများ လိုက်နာရမည့်အချက် များကို တိကျစွာလိုက်နာ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ (COVID-19) ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါကြောင့် ပိုမိုထောက်ပံ့ပေးရန်လိုအပ်လာပါသဖြင့် ယခု ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အထက်တန်းကျောင်းသား ကျောင်းသူအားလုံးတို့ကို ဗလာစာအုပ်(၁)ဒါဇင်၊ ခဲတံ(၂)ချောင်း၊ ဘောပင်(၂)ချောင်းစီ အခမဲ့ဖြန့်ဝေရန်လည်း စီစဉ်ဆောင်ရွက်ထားကြောင်း၊ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသားဦးရေ စုစုပေါင်း(၁.၁)သန်းဝန်းကျင် ရှိပြီး တစ်ပတ်ခြားကျောင်းတက်ရခြင်းဖြစ်သဖြင့် နေ့စဉ်ကျောင်းတက်သည့် ကျောင်းသားဦးရေမှာ (၆)သိန်းဝန်းကျင်ရှိကြောင်း ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ပါတယ်။

ကျောင်းသားကျောင်းသူများ ပညာသင်ယူမှုအခွင့်အလမ်းမဆုံးရှုံးစေရေးအတွက် စုပေါင်းအားဖြင့် ဆက်လက်၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနဲ့ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူးများ၊ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။ အဆိုပါ တွေ့ဆုံပွဲကို ဇူလိုင် ၂၉ ရက်က နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

-သန္တာ