COVID -19 ဖြစ်ပွားနေသည့်အတွက် Myanmar Cyber Security Challenge (MCSC) ပြိုင်ပွဲရပ်နား

COVID -19 ကြောင့် နှစ်စဉ်ကျင်းပနေတဲ့ Myanmar Cyber Security Challenge ပြိုင်ပွဲကို ၂၀၂၀ အတွက် ကျင်းပဖြစ်တော့မှာ မဟုတ်ပေမယ့် CTF Platform မှာ Challenge တွေကို ဝင်ရောက်ဖြေဆိုလေ့ကျင့်နိုင်မယ်လို့ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ယခုနှစ်တွင်မူ COVID-19 ကပ်ရောဂါ အခြေအနေကြောင့် ပြိုင်ပွဲကို ကျင်းပနိုင်ခဲ့ခြင်း မရှိကြောင်း၊ Myanmar Cyber Security Challenge ပြိုင်ပွဲကို ကျင်းပနိုင်ခြင်းမရှိတာကြောင့် ဆိုက်ဘာလုံခြုံရေးကို စိတ်ဝင်စားသူ လူငယ်တွေအနေနဲ့ အွန်လိုင်းကနေ တစ်ဆင့် ယခင်နှစ် မေးခွန်းဟောင်တွေနဲ့ Challenge အသစ်တွေကို ပြိုင်ပွဲအသွင် ဖြေဆို လေ့ကျင့်နိုင်ရေးအတွက် Capture The Flag (CTF) Online Platform ကို အမျိုးသား ဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှာ တည်ဆောက်ခဲ့ပြီးဖြစ်ရာ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

Online Platform တွင် Industiral Control System, Web, Forensics, Web, Stegano, Crypto, Reverse Engineering, Pwn (Binary Exploit) နဲ့ Misc ဆိုင်ရာ မေးခွန်းတွေကို ဖြေဆိုရမှာဖြစ်ပြီး Myanmar Cyber Security Challenge ပြိုင်ပွဲမှာမေးမြန်းထားတဲ့ မေးခွန်းဟောင်းတွေအပြင် နိုင်ငံတကာအဆင့် ဆိုက်ဘာလေ့ကျင့်ခန်းတွေမှာ မေးမြန်းထားတဲ့ Challenge တွေကိုပါ ထည့်သွင်းထားတဲ့အတွက် ဖြေဆိုလေ့ကျင့်သူတွေအနေနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေကို မည်သို့ တုံ့ပြန်ဖြေရှင်းနိုင်မည် ဆိုသည့် အတွေ့အကြုံကောင်းတွေကို ရရှိစေမှာ ဖြစ်ပါတယ်။။ အချို့သောမေးခွန်းတွေကို အကြိမ်ကန့်သတ်ချက်ဖြင့်သာ ဖြေဆိုရမှာဖြစ်တာကြောင့် အကောင့်များစွာနဲ့ ဝင်ရောက်ဖြေဆိုခြင်းအား ကန့်သတ်နိုင်ရန်အတွက် ကိုယ်တိုင် Registration ပြုလုပ်ခြင်းကို ပိတ်ပင်ထားရှိမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များအကြား ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာ ပြန့်ပွားစေရန်နဲ့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သက်မွေးဝမ်းကျောင်းမှု အခွင့်အလမ်းများ တိုးတက်လာစေရန် ရည်ရွယ်ပြီး Myanmar Cyber Security Challenge ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်မှ စတင်၍ နှစ်စဉ် ကျင်းပလျက်ရှိပြီး ဆုရရှိသူတွေကို နိုင်ငံတကာမှာ ကျင်းပလျက်ရှိတဲ့ ဆိုက်ဘာလုံခြုံရေး ပြိုင်ပွဲများသို့ စေလွှတ်ယှဉ်ပြိုင်စေလျက်ရှိရာမှာ Myanmar Cyber Security Challenge 2019 (တက္ကသိုလ်အဆင့်ပြိုင်ပွဲ) ကို (၂၆-၁-၂၀၁၉) ရက်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂)၊ နေပြည်တော်၌ လည်းကောင်း၊ Myanmar Cyber Security Challenge 2019 (အလွတ်တန်းအဆင့်ပြိုင်ပွဲ)ကို (၁၁-၈-၂၀၁၉) ရက်တွင် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ ရန်ကုန်တွင်လည်းကောင်း ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။

Myanmar Cyber Security Challenge Online Platform မှာ ဝင်ရောက် ဖြေဆိုလေ့ကျင့်လိုသူတွေအနေနဲ့ မိမိတို့ ဝင်ရောက်ဖြေဆိုမယ့် User Name နဲ့ E-mail တို့ကို အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနရဲ့ Email ဖြစ်တဲ့ ctf@ncsc.gov.mm ထံသို့ စာရင်းပေးသွင်း၍ ဝင်ရောက်ဖြေဆိုနိုင်ကြောင်း၊ CTF Platform အတွက် မေးခွန်းများပေးပို့လိုတဲ့ ပညာရှင်တွေအနေနဲ့လည်း မိမိတို့ကိုယ်တိုင် ဖန်တီးထားသော မေးခွန်းတွေကို မေးခွန်းအမည်၊ အကြောင်းအရာ၊ အဖြေ၊ ပေးမှတ် တို့ကို ရေးသားဖော်ပြ၍ ctf@ncsc.gov.mm ထံသို့ ပေးပို့နိုင်ကြောင်း အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««