Covid-19 ဖြစ်ပွားချိန်မှစတင်၍ မိုဘိုင်းဖုန်းအရောင်းဆိုင်များ ရောင်းအားကျဆင်းလာခဲ့

Covid-19 ဖြစ်ပွားချိန်မှစတင်၍ မိုဘိုင်းဖုန်းအရောင်းဆိုင်များ ယခင်ကထက် ရောင်းအားကျဆင်းခဲ့တယ်လို့ မိုဘိုင်းဖုန်း အရောင်းဆိုင်များနဲ့ မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်များမှ တစ်ဆင့် သိရပါတယ်။

“ပြီးခဲ့တဲ့ လအလယ်လောက်အထိကတော့ သိပ်အရမ်းကြီး မကျသေးဘူးပေါ့နော်။ ၁၀ ရာခိုင်နှုန်းနဲ့ ၁၅ ရာခိုင်နှုန်းလောက် အထိပဲ ကျသေးတာပေါ့။ အခုလကုန်ကျတော့ တစ်ဝက်နီးပါးလောက်ကျနေတာပေါ့။ နောက်ရက်တွေက ဆိုင်တော်တော်များများ ပိတ်တာနဲ့ဆိုရင် ရောင်းအားက သုံးပုံနှစ်ပုံလောက်အထိ ကျသွားနိုင်မယ်လို့ထင်တယ်။ ကျွန်တော်တို့ကတော့ ဆိုင်ကိုစောပိတ်လိုက်တယ်။ နယ်ကဝန်ထမ်းတွေ သွားရေးလာရေး အခက်အခဲဖြစ်မှာကြောင့်ရယ်၊ နောက်တစ်ခုက ဝန်ထမ်းတွေအတွက်ရော လာဝယ်တဲ့ Customer တွေရဲ့ ကျန်းမာရေးအတွက်ရော စဉ်းစားပြီးတော့ ဆိုင်ကို စောပိတ်ဖြစ်လိုက်တာပါလို့ “ Anycall Mobile မှ တာဝန်ရှိသူ ဦးမျိုးမင်းအောင်ကပြောပါတယ်။

အဆိုပါ မိုဘိုင်းဖုန်းအရောင်းဆိုင်များမှ ရောင်းအားများကျဆင်းလျက်ရှိသလို မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင်များမှာလည်း ရောင်းအားကျဆင်းလျက်ရှိတယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။

“ဆိပ်ကမ်းသာလမ်း၊ ၇၇ လမ်း အစရှိတဲ့ Roadsite ဆိုင်တွေကတော့ ၁၀ ရာခိုင်နှုန်းကတော့ ၂၀ ရာခိုင်နှုန်းလောက် အထိပဲ ကျပါတယ်။ Shopping Mall တို့ Plaza တို့ကဆိုင်တွေကတော့ ၅၀ ရာခိုင်နှုန်းအထက်ကို ကျတယ်။ Junction City ကဆိုင်တွေဆိုရင်လည်း တော်တော်လေးကိုကျတယ်။ တစ်ဝက်ထက်မကဘူး ကျတယ်။ ၇၀ ရာခိုင်နှုန်းလောက် အထိ ကျတာမျိုးလောက်အထိကိုလည်း ရှိပါတယ်။ လက်ရှိကာလမှာပေါ့။ နောက်ထပ်အရေးကြီးတာတစ်ခုက ရောင်းအားကျတာထက် ဝန်းထမ်းတွေရဲ့ ကျန်းမာရေးနဲ့ လာရောက်ဝယ်ယူသူတွေရဲ့ ကျန်းမာရေးကို အလေးထားပြီးတော့ ဆိုင်တွေကို ၁ ရက်နေ့လောက်ကနေစပြီး ပိတ်လိုက်တော့မှာပါ” လို့ Remax အမှတ်တံဆိပ် မိုဘိုင်းနှင့်ဆက်စပ်ပစ္စည်းများကို တရားဝင်တင်သွင်းရောင်းချလျက်ရှိသော MZ Myanmar မှာ တာဝန်ရှိသူ ကိုဇော်လတ်က ပြောကြားခဲ့ပါတယ်။

မိုဘိုင်းဖုန်းအရောင်းဆိုင်အများစုအနေနဲ့ ဝန်ထမ်းတွေရဲ့ကျန်းမာရေးအခြေအနေနဲ့ လက်ရှိရောင်းအား စတဲ့ အကြောင်းအရာများအပေါ် အခြေခံကာ ဧပြီလဆန်းပိုင်းမှစတင်ကာ အရောင်းဆိုင်များကို ပိတ်သွားမှာဖြစ်ပြီး ဧပြီလကုန်ပိုင်းလောက်မှာသာ ပြန်လည် ဖွင့်လှစ်သွားဖွယ်ရှိကြောင်း သိရှိရပါတယ်။

-အောင်သူ