COVID-19 နှင့်ပတ်သက်သော သတင်းမှန်များ ပိုမိုရရှိရန် လူငယ်နည်းပညာရှင်များပြုလုပ်

COVID-19 အတွက် အထောက်အကူဖြစ်စေရန် ဝက်ဘ်ဆိုက်၊ Application နဲ့ Facebook Chat bot ကို လူငယ်နည်းပညာရှင်တွေ ပြုလုပ်ဖြန့်ချိထားတယ်လို့ သိရပါတယ်။

COVID-19 နဲ့ ပတ်သက်တဲ့ သတင်းမှန်များပိုမိုရရှိရန်နဲ့ COVID-19 ကာကွယ်ထိန်းချုပ်ရေးမှာ အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်ပြီး CoronaHelp Myanmar ဝက်ဘ်ဆိုက်၊ Android Application နဲ့ Facebook မှ သတင်းအချက်အလက်များ အလိုအလျောက် ပြန်ပြောပေးတဲ့ Chat bot တို့ကို CoronaHelp Myanmar အဖွဲ့က ပြုလုပ်ထားပြီဖြစ်တယ်လို့ သိရပါတယ်။

ဝက်ဘ်ဆိုက်လိပ်စာမှာ https://coronahelpmm.org/ ဖြစ်ပြီး မတ်လ ၂၆ ရက်က စတင်ကာ အွန်လိုင်းတင်ခဲ့ပြီး Android ဖုန်းများအတွက် Application ကိုလည်း CoronaHelp MM အမည်ဖြင့် ထိုနေ့မှာပင် ဖြန့်ဝေခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ Application ကို အထက်ပါဝက်ဘ်ဆိုက်သို့ဝင်၍ပင် Download ဆွဲယူနိုင်မှာ ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်ရဲ့ ပင်မစာမျက်နှာမှာ Download ဆွဲနိုင်မယ့် Link နဲ့အတူ COVID-19 ဆိုင်ရာ Surveillance Dashboard ကိုလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

CoronaHelp Myanmar ဖေ့စ်ဘုတ်စာမျက်နှာကိုမူ ဆိုရှယ်မီဒီယာမှတစ်ဆင့် လူအများအား Awareness ပေးနိုင်ရန်နဲ့ Chat Bot နဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်ရန် ရည်ရွယ်ပြုလုပ်ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။ Chat bot ကိုအသုံးပြုရန်အတွက် https://www.messenger.com/t/CoronaHelpMM မှဖြစ်စေ၊ ဖေ့စ်ဘုတ်မှာ CoronaHelp Myanmar ဟုရှာဖွေပြီး အဆိုပါစာမျက်နှာသို့ ဝင်ရောက်ကာ Send Message ကိုနှိပ်၍ဖြစ်စေ အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဝက်ဘ်ဆိုက်မှာ တင်ပေးနေတဲ့ သတင်းအချက်အလက်များကို Update ဖြစ်ရန် အတတ်နိုင်ဆုံး ကြိုးစားနေပြီး ဝက်ဘ်ဆိုက်မှာ Unicode ကို အဓိကသုံးထားပေမယ့် ဇော်ဂျီအသုံးပြုနေသူတွေအတွက်လည်း ဖတ်လို့ အဆင်ပြေအောင် လုပ်ပေးထားတယ်လို့ သိရပါတယ်။ CoronaHelp Myanmar အဖွဲ့မှာ ပြည်သူများထံသို့ သတင်းမှန်များ အချိန်နဲ့တစ်ပြေးညီ ဖြန့်ဝေပေးနိုင်ရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များ၊ WHO မှ ထုတ်ပြန်ချက်များနဲ့ တရားဝင် သတင်းမီဒီယာများမှ သတင်းများကို ပြည်သူများ အလွယ်တကူဖတ်ရှုနိုင်အောင် စုဆောင်းထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံရှိ လူငယ်နည်းပညာရှင် အတတ်ပညာရှင် Volunteer များ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုဖြစ်ပြီး နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များကိုလည်း ထောက်ပံ့ပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

-ဝေဝေ