Covid-19 နှင့်ပတ်သက်သည့်အချက်အလက်များ ဖော်ပြပေးမည့် Care Together App ထွက်ရှိလာ

Covid-19 နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေဖော်ပြပေးမယ့် Care Together App ထွက်ရှိလာပါတယ်။

“Care Together App ကို ကျွန်တော်တို့ကုမ္ပဏီက CTO ဖြစ်သူ ကိုရဲသူစိုးက ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်မှာ စပြီး လုပ်ဖို့ ပြောလာခဲ့တာပါ။ သူက လက်ရှိ နိုင်ငံခြားမှာဆိုတော့ အခြားနိုင်ငံတွေက Action Plan တွေကို သူလည်း မြင်နေရတယ်လေ။ US မှာလည်း ဘယ်လိုတွေလုပ်နေကြောင်း၊ စင်ကာပူမှာဆိုရင်လည်း ဘယ်လို လုပ်နေကြောင်း ကျွန်တော်တို့ကုမ္ပဏီက Development Manager ကိုဉာဏ်လင်းထွဋ်နဲ့ ပြောရင်း ကျွန်တော်တို့ နိုင်ငံအတွက်ကိုလည်း တစ်ခုခုလုပ်ဖို့လိုကြောင်း ပြောရင်းကနေ ချက်ချင်း စလုပ်ဖြစ်သွားကြတာပါ”လို့ Care Together App ကိုရေးဆွဲခဲ့တဲ့ Za Information Technology Co.,Ltd မှ Managing Director (Founder) ဦးဇော်မင်းအောင်က ပြောပါတယ်။

   

အဆိုပါ App ကို Public Transportations အား မဖြစ်မနေ အသုံးပြုနေရသူတွေ၊ အများနဲ့ ထိတွေ့ဆက်ဆံ နေရသူတွေ၊ လက်ရှိအချိန် အိမ်မှာနေလို့မရဘဲ အပြင်ကို မဖြစ်မနေ သွားလာနေရသူတွေ အတွက် အသုံးပြု စေရန် ရည်ရွယ်ထုတ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။

“ ဒီ App က Offline Bluetooth ကနေ အသုံးပြုရတာဖြစ်လို့ အင်တာနက်ချိတ်ဆက်မထားလည်း ရပါတယ်။ အဓိကကတော့ ကိုယ်နဲ့အတူ ဆော့ဖ်ဝဲသွင်းထားသူအချင်းချင်း encrypt လုပ်ထားတဲ့ ဖုန်းနံပါတ်ကို bluetooth မိနိုင်တဲ့ area ထဲမှာရှိတဲ့ device name (encrypt phone no) အားလုံး အပြန်အလှန် မျှဝေကြမှာဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဆောင်ရန်/ရှောင်ရန် နဲ့တကွ တရားဝင် သတင်းမှန်ထုတ်ပြန်တဲ့ နေရာတွေ အပါအဝင် အရေးပေါ်ဆက်သွယ်လို့ရမယ့် အဆက်အသွယ်တွေကိုလည်း ထည့်ပေးထားပါတယ်။ နောက်ပြီး အင်တာနက်ချိတ်ဆက်ထားရင် လက်တလောထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေပါ ကြည့်လို့ရပါတယ်။ ဥပမာ – ဘယ်နှယောက်က သံသယလူနာ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကိုကအစ စောင့်ကြည့်လို့ ရပါတယ်။ မြန်မာနိုင်ငံတွင်းမှာသာမက နိုင်ငံတကာက သတင်းအချက်အလက်တွေကိုပါ ကြည့်ရှု့လို့ရမှာဖြစ်ပါတယ် ။ အစိုးရဌာနဆိုင်ရာက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းခွင့်ရရှိခဲ့မယ်ဆိုရင်တော့ ကျတော်တို့ဘက်က လိုအပ်ချက်လေးတွေ ရှိရင် ထပ်ပြီးဖြည့်ဆည်းပေးသွားမှာပါ။ ဥပမာ – ကျန်းမာရေးအခြေအနေ သတင်းပို့တာတို့ ဘာတို့ပေါ့။ နောက်တစ်ခုက ကျွန်တော်တို့က ကိုယ့်တိုင်းပြည်အတွက် ပရဟိတသက်သက် ကိုယ့်တတ်နိုင်တာနဲ့ ဝိုင်းဝန်းကူညီပေးတာဖြစ်ပါတယ်။ ဘာအကျိုးအမြတ်မှ ယူမှာ မဟုတ်သလို ကိုယ်ကျိုးလည်း အသုံးချဖို့ မရှိပါဘူး။ ဒါ့ကြောင့် အခမဲ့လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်” လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

 

အဆိုပါ APP ကို လက်ရှိအချိန်တွင် Android အတွက်သာ ထုတ်လုပ်ပေးထားပြီး iOS အတွက် ဆက်လက် လုပ်ဆောင်နေကြောင်း၊ China Version ဖြစ်တဲ့ (Mi, Huwai) တို့အတွက် Customize App ကို ထပ်ပြီး လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။ အဆိုပါ Application ကို https://bit.ly/3bAbh39 မှတစ်ဆင့် ရယူနိုင်မှာဖြစ်ပါတယ်။

-အောင်သူ