COVID-19 နှင့်ပတ်သက်ပြီး Quarantine ဝင်ရသူများအတွက် စောစောပြော Mobile App

COVID-19 နဲ့ ပတ်သက်ပြီး Quarantine ဝင်ရသူတွေအတွက် စောစောပြော Mobile App ထွက်ရှိလာပါတယ်။

အဆိုပါ App ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်မှုနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီး ဌာနက တာဝန်ရှိသူတွေ၊ နည်းပညာရှင် လူငယ် ကိုထူးမြင့်နောင် (Technomation) တို့ ပူးပေါင်းပြီး Quarantine လုပ်သူများအတွက် ရေးဆွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ စောစောပြော Mobile App ကို တောင်ကိုရီးယား အပါအဝင် အခြားနိုင်ငံတွေက COVID-19 နဲ့ပတ်သက်ပြီး ရေးဆွဲအသုံးပြုနေတဲ့ Mobile App တွေကို နမူနာယူကာ မြန်မာနိုင်ငံရဲ့အနေအထား၊ ကျန်းမာ/အားကစားဝန်ကြီးဌာနရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် ရေးဆွဲထားတာဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ အစိုးရနဲ့ လွှတ်တော် တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ ကျွမ်းကျင်သူတွေ၊ နည်းပညာနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ Volunteer လူငယ်လေးတွေက တာဝန်ယူပြီး လက်ရှိ Quarantine လုပ်ထားတဲ့ နေရာတွေကို သွားရောက်ကြမှာဖြစ်ပြီး Mobile App ကို ထည့်သွင်းပေးမှာဖြစ်ကြောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အပြင် မြဝတီနယ်စပ်စစ်ဆေးရေးဂိတ်နဲ့ အခြားတိုင်းဒေသကြီး/ ပြည်နယ်အားလုံးမှာ ဆက်လက်ပြီး ဆောင်ရွက်သွားမှ ဖြစ်ကြောင်း သိရပါတယ်။

Quarantine လုပ်နေတဲ့ ပြည်သူ တစ်ဦးချင်းကို MPT, Telenor, Ooredoo နဲ့ Mytel စတဲ့ အော်ပရေတာ (၄) ခုစလုံးမှ တယ်လီဖုန်း Sim Card နဲ့ အင်တာနက်ဒေတာ 1 GB အခမဲ့ ပေးအပ်မှာဖြစ်ပြီး Quarantine ဝင်နေရတဲ့ ပြည်သူ တစ်ဦးချင်းစီအနေနဲ့ နေ့စဉ် ကိုယ်အပူချိန် တိုင်းတာရန်၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း ရှိ-မရှိ စတဲ့ ကျန်းမာရေးစစ်ဆေးမှုဆိုင်ရာ အချက်အလက်တွေကို နေ့စဉ် သတိပေး စစ်ဆေးပေးသွားမှာ ဖြစ်တယ်လို့ သိရ ပါတယ်။ အလားတူ Location ကိုလည်း ဖုန်းထဲမှာရှိတဲ့ GPS ကို အသုံးပြုပြီး အပေါ်က အချက်အလက်များနဲ့ အတူ စောစောပြော Platform ကို ပေးပို့မှာ ဖြစ်ကြောင်း သတင်းပေးပို့မှုကို မှတ်တမ်းတင်ပြီး Database နဲ့ သိမ်းဆည်းထားမှာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ Mobile App ထဲတွင် အရေးပေါ် ခေါ်ဆိုနိုင်မယ့် Hot Line ဖုန်းနံပါတ်ကို ထည့်သွင်းထားမှာ ဖြစ်တဲ့အတွက် App မှ တစ်ခါတည်း ဖုန်းခေါ်ဆိုသတင်းပို့နိုင်မှာ ဖြစ်ကြောင်း Quarantine ဝင်နေရတဲ့ ပြည်သူ တစ်ဦးချင်းစီရဲ့ တင်ပြချက်တွေ၊ ကျန်းမာရေးအခြေအနေတွေနဲ့ တည်နေရာတွေကို အချိန်အလိုက် မှတ်တမ်းတင်ထားမှာ ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ တစ်ဦးချင်းအလိုက်၊ နေ့ရက်အလိုက်၊ အချိန်အပိုင်းအခြားအလိုက် ပြန်လည် ကြည့်ရှုနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

-အောင်သူ