COVID-19 ဆိုင်ရာ နောက်ဆုံးရ သတင်းနှင့်အချက်အလက်များရယူနိုင်မည့် အသိပေး အက်ပလီကေးရှင်းကို မိတ်ဆက်

COVID-19 ဖြစ်ပွားနေစဥ် ကာလအတွင်း ရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တွေကို အချိန်နဲ့ တစ်ပြေးညီ ရယူနိုင်မယ့် ‘အသိပေး’ အက်ပလီကေးရှင်း တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။

အဆိုပါ အက်ပလီကေးရှင်းကို အူရီဒူးအသုံးပြုသူတွေအနေနဲ့ အခမဲ့ ဒေါင်းလုတ်ရယူနိုင်မှာဖြစ်သလို အခြား ဆက်သွယ်ရေးအော်ပရေတာ အသုံးပြုသူတွေအနေနဲ့လည်း www.athipay.com မှ ရယူအသုံးနိုင်မှာဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းတွင် COVID-19 ကူးစက်ပြန့်နှံ့ချိန်မှစ၍ အူရီဒူးမြန်မာအနေနဲ့ အသိပေး အက်ပလီကေးရှင်း အကောင် အထည်ပေါ်ပေါက်လာစေရန် ကူညီထောက်ပံ့ပေးခဲ့တဲ့အပြင် စေတနာ့ဝန်ထမ်းလူငယ် အ‌ယောက်နှစ်ဆယ်ခန့်မှ ဗိုင်းရပ်စ်ပြန့်ပွားခြင်းကို ကာကွယ်ရန်နှင့် လျှော့ချရန်အတွက် ကူညီပေးနိုင်ဖို့ တီထွင်ခဲ့ကြခြင်းဖြစ်တယ်လို့ သိရပါတယ်။ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့တွင် Android နဲ့ပတ်သက်သော ဝန်ဆောင်မှုတွေကို ဖန်တီးသူများ၊ UI/UX ဒီဇိုင်နာများ၊ ဒေတာအချက်အလက်သုံးသပ် စိစစ်သူများ၊ product/system ဗိသုကာတွေနဲ့ ဈေးကွက်ဆိုင်ရာကျွမ်းကျင်သူ​တွေပါဝင်ပြီး ​အက်ပလီကေးရှင်း အား အစအဆုံး ၎င်းတို့ကိုယ်တိုင် တီထွင်ဖန်တီးပြုလုပ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ အက်ပလီကေးရှင်းကို ဒေတာအသုံးပြုခအခမဲ့နဲ့ အူရီဒူးဇုန် (https://zone.ooredoo.com.mm/) မှ ဒေါင်းလုတ်ရယူနိုင်ရန်နဲ့ နည်းပညာဆိုင်ရာ အက်ပလီကေးရှင်းတည်ဆောက်ခြင်းနဲ့ ပတ်သက်တဲ့ နည်းပညာပိုင်းဆိုင်ရာ ကုန်ကျစရိတ်တွေကို အူရီဒူးမှ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

“အသိပေး” အက်ပလီကေးရှင်းတွင်ပါဝင်သော လုပ်ဆောင်ချက်များထဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် ပြန်ကြားရေးဝန်ကြီးဌာန တို့မှ နောက်ဆုံးရ သတင်းများနှင့် ထုတ်ပြန်ချက်တွေကို အချိန်နဲ့တစ်ပြေးညီ push notification alert ပေးပို့ခြင်း ၊အနီးတစ်ဝိုက်ရှိ ဆေးရုံများ၊ အရေးပေါ်ဝန်ဆောင်မှုများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ လှူဒါန်းမှုများ ပြုလုပ်နိုင်ရန်အတွက် ပရဟိတအဖွဲအစည်းများ အစရှိသည်တို့ရဲ့ လိပ်စာနှင့်ဖုန်းနံပါတ် စသည့် ဆက်သွယ်နိုင်ရန် အချက်အလက်များ၊ကမ္ဘာတစ်ဝန်းနှင့် ပြည်တွင်းရှိ လက်ရှိဖြစ်ပွားနေသူ၊ ပိုးမတွေ့ရှိသူ၊ ပြန်လည်ကောင်းမွန်သူ စသည့် အသေးစိတ် အချက်အလက်များပါဝင်တဲ့ နောက်ဆုံးရ COVID-19 တွေ့ရှိချက်များ၊ အသွားအလာ ကန့်သတ်ခြင်း (Quarantine) ပြုလုပ်ရန် လို၊ မလို ဟူသည့် အချက်အား အမေးအဖြေများဖြင့် စိစစ်ဖော်ထုတ်ပေးနိုင်မယ့် Self-Quarantine Checker လုပ်ဆောင်ချက် စတာတွေပါဝင်ပါတယ်။

“အခုလို အရေးပါပြီး ခက်ခဲနေတဲ့အချိန်တွေမှာ သတင်းအချက်အလက်တွေကို တိကျမှန်ကန်တဲ့ သတင်းရင်းမြစ်က ရရှိနိုင်ဖို့ ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ အတွက် တကယ်ကို ဝမ်းမြောက်ရပါတယ်။ အခုအက်ပလီကေးရှင်းဖြစ်လာဖို့ ပံ့ပိုးပေးမှုအပေါ်မှာဆိုရင် အသုံးပြုသူတွေအနေနဲ့ ဒီ အက်ပလီကေးရှင်းကို စိတ်ချလက်ချ အသုံးပြုနိုင်မှာ ဖြစ်ပြီး နောက်ဆုံးရ သတင်းအချက်အလက် တွေကိုလည်း အချိန်နဲ့ တစ်ပြေးညီ ရရှိနိုင်မှာ ဖြစ်တဲ့အတွက် မိမိကိုယ်တိုင် အတွက်ရော မိမိရဲ့ချစ်ခင်ရသူတွေအတွက်ပါ ဒီ အက်ပလီကေးရှင်းက ကူညီပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့အနေနဲ့ မျှော်လင့်ပါတယ်” လို့ အူရီဒူးမြန်မာရဲ့ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ် က ပြောကြားခဲ့ပါတယ်။

-အောင်သူ