COVID –19 ကြိုတင်ကာကွယ်ရန် အတွက် ပုဂ္ဂလိကတက္ကသိုလ်များ၊ သင်တန်းကျောင်းများနှင့် မူကြိုကျောင်းအချို့ ပိတ်

COVID –19 ကြိုတင်ကာကွယ်ရန် အတွက် ပုဂ္ဂလိကတက္ကသိုလ်များ၊ သင်တန်းကျောင်းများနဲ့ မူကြိုကျောင်းအချို့ ခေတ္တ ပိတ်ထားတယ်လို့ သိရပါတယ်။

ကျောင်းတွေအနေနဲ့ မတ် ၁၇ ရက်မှ စတင်ကာ ဧပြီ ၃၀ ရက် အထိ ပိတ်သွားမှာဖြစ်ပြီး မေလမှသာ ပြန်လည်ဖွင့်လှစ်ကြမှာဖြစ်ပါတယ်။ နွေရာသီသင်တန်းတွေအတွက် အချို့သောကျောင်းများ မှာ ကျောင်းလခများ ပြန်လည် ထုတ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှလည်း Internship လုပ်ငန်းခွင်အကြို လေ့ကျင့်ရေးသင်တန်းများကို ရပ်နားလိုက်ပြီး ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှ ပြန်လည်ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါတယ်။ ဒါ့အပြင် YUFL မှာ ဖွင့်လှစ်ဆဲနဲ့ ဖွင့်လှစ်ရန်ရှိတဲ့ သင်တန်းတွေဖြစ်တဲ့ Global Young Business Manager သင်တန်း၊ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အင်္ဂလိပ်စာမွမ်းမံသင်တန်း၊ Japan International Co-operation Centre (JICA) ရဲ့ အစီအစဉ်နဲ့ ဖွင့်လှစ်လျက်ရှိတဲ့ The Japanese Grand Aid for Human Resource Development Scholarship (JDS) သင်တန်းတွေကိုလည်း ခေတ္တ ရပ်နားလိုက်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန (နေပြည်တော်) မှ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၆ ရက်က အခြေခံပညာကျောင်းများ (လေ့ကျင့်ရေးအထက်တန်းကျောင်းနှင့် လေ့ကျင့်ရေး အလယ်တန်းကျောင်းများ အပါအဝင်)၊ ကိုယ်ပိုင်ကျောင်းများ၊ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းများ၊ နွေရာသီ ရက်တို/ရက်ရှည် သင်တန်းများ၊ဆွေးနွေးပွဲများကို ကျင်းပဆောင်ရွက်ခြင်း မပြုရန်နဲ့ ဖွင့်လှစ်ဆဲသင်တန်းများ ပိတ်သိမ်းစေရေး အတွက် ကြပ်မတ်ဆောင်ရွက်ရန် ကြေညာထားပါတယ်။

-သန္တာ