Covid-19 ကို လျင်မြန်စွာထိန်းချုပ်နိုင်ရန် ဒီဂျစ်တယ်နည်းပညာကိုမသုံးဘဲ မဖြစ်နိုင်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

Covid-19 ကို လျင်မြန်စွာထိန်းချုပ်နိုင်ရန် ဒီဂျစ်တယ်နည်းပညာကိုမသုံးဘဲ မဖြစ်နိုင်ဟု ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် ကိုဗစ်-၁၉ အပေါ် မြန်မာနိုင်ငံတုံ့ပြန်မှု အွန်လိုင်းဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒီဂျစ်တယ်ပလက်ဖောင်းမှာ ကိုဗစ်တစ်ခုတည်းအတွက် မဟုတ်ဘဲ ကိုဗစ်နဲ့ ဆက်နွှယ်ပြီး မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရဲ့ ဘက်စုံဖွံ့ဖြိုးရေးအတွက် များစွာအကျိုးရှိကြောင်း၊ ဝန်ကြီးဌာနအားလုံးမှာရှိတဲ့ ဝန်ထမ်းများအားလုံးဟာ ကွန်ပျူတာ လက်တွေ့ဖြစ်ရမည် ဖြစ်သလို ဆော့ဖ်ဝဲလ်နဲ့ပတ်သက်ပြီးတော့ အခြေခံသဘောတရားတွေသိရမည် ဖြစ်ကြောင်း၊ ဒီဂျစ်တယ်ပလက်ဖောင်းဆိုတာ ဘာလဲ အကုန်သိရမည်ဖြစ်ကြောင်း၊ လူတစ်ယောက်က နေ့စဉ်အသက်ရှင်ဖို့အတွက် နေ့စဉ်ထမင်းစားရသလို အဆိုပါ ပညာရပ်များကိုတတ်မှသာ နိင်ငံအတွက် ရေရှည်မှာ အကျိုးရှိမှာဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ တက္ကသိုလ် ၁၆ ခုတွင်လည်း အဆိုပါပညာရပ်များကို သင်ရိုးညွှန်းတမ်း( curriculum) ထည့်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

“ဒီနေ့ဆွေးနွေးပွဲက Covid-19 နဲ့ ပတ်သက်တာဖြစ်တဲ့အတွက် ကျွန်တော်တို့တွေအနေနဲ့ Covid-19 ကို အောင်မြင်စွာနဲ့ လျင်မြန်စွာ ထိန်းချုပ်နိုင်မယ်ဆိုရင် ဒီဂျစ်တယ်နည်းပညာကို မသုံးဘဲနဲ့ မဖြစ်နိုင်ပါဘူး။ Coivd Control ဟာ လျင်မြန်သော ဆုံးဖြတ်ချက်ကိုချရမယ်။ လျင်မြန်သော ဆုံးဖြတ်ချက်ကို ချမယ်ဆိုရင် စစ်မှန်တဲ့ ဘက်စုံစိတ်ချရတဲ့ အချက်အလက်တွေရမယ်”လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်ဖြစ်တဲ့ www.mohs.gov.mm တွင် ဝန်ကြီးဌာန ဆောင်ရွက်ချက်များ၊ သတင်းထုတ်ပြန်ချက်များ၊ ဝန်ထမ်းများအတွက် SOP guidance စတာတွေ အပြင် မြောက်မြားစွာသော အကြောင်းအရာများရှိကြောင်း၊ အဆိုပါ အကြောင်းအရာများကို ဝင်ကြည့်တဲ့အခါမှာ ဗဟုသုတများ ရမည် ဖြစ်ကြောင်း၊ Covid-19 တွင် GIS (Geographic Information System) နည်းပညာကိုသုံးပြီးတော့ Covid-19 surveillance and dashboard မြေပုံများလည်းရှိကြောင်း၊ အဆိုပါ အချက်များကို ပြည်သူများက သိရှိမှသာလျှင် များစွာ အထောက်အကူပြုနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ Covid မှာ အကျိုးရှိလိုက်တာက ဆွေးနွေးပွဲတွေအကုန်လုံး၊ Training တွေအကုန်လုံးကို Zoom meeting နဲ့လုပ်တယ်။ ဒီဂျစ်တယ်ပလက်ဖောင်းနဲ့လုပ်တယ်။ ဥပမာဆိုရင် ကျွန်တော်တို့ ဆေးကုသမှု Training တွေ၊ Video တွေ ၂၂၀ လောက်တင်ထားတယ်။ အကုန်လုံး Video Clip တွေ၊ နှလုံးရောဂါ၊ ကိုဗစ်ရောဂါ အကုန်ပဲ။ ဒီလိုရှိတဲ့အတွက် ပူတာအိုမှာ ရှိတဲ့ ဆရာဝန်တစ်ယောက်က ကိုဗစ်ကို ဘယ်လိုကုမလဲ၊ ဘာလုပ်မလဲ၊ အကုန်သိ နေမယ်”လို့ ပြောကြားခဲ့ပါတယ်။

Covid-19 မှာ နောက်ထပ် ၂ နှစ် ၃ နှစ်သာမက နှစ်ပေါင်းများစွာ ကြာနိုင်ကြောင်း၊ တစ်ချိန်လုံး ရှိနေနိုင်ပြီး အနည်းနဲ့အများသာ ကွာနိုင်ကြောင်း၊ နောက်ထပ် ဖြစ်လာသော Wave ကို အသေးဖြစ်အောင် Digital ကို သုံးရမည်ဖြစ်ကြောင်း၊ Covid ကာလတွင် Tablet ဖုန်း သုံးသောင်းခန့်ကို ထုတ်ပေးထားကြောင်း၊ ဒါ့အပြင် ၂၄ နာရီ အလိုအလျောက်ဖြေကြားသော Call Center ကို ဆရာဝန် ၄၀ ခန့်ဖြင့် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန Facebook မှာလည်း ဖြေကြားပေးလျက်ရှိကြောင်း၊ စောစောရှာ မိုဘိုင်းအက်ပလီကေးရှင်းကိုလည်း ပြုလုပ်ထားသလို သုံးပုံသုံးနည်း လွယ်ကူနိုင်စေရန် ပြုလုပ်စေလိုကြောင်း ထပ်မံ ပြောကြားခဲ့ပါတယ်။

-အောင်သူ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««