COVID-19 ကာလ ကိုယ်ဝန်ဆောင်မိခင်ထောက်ပံ့ကြေးကို Ngwe Bike Application ဖြင့် လျှောက်ထားနိုင်

နေပြည်တော်ကောင်စီနယ် အပါအဝင် ကျန်တိုင်းဒေသကြီးပြည်နယ် ၉ ခုရှိကိုယ်ဝန်ဆောင်မိခင်များ COVID-19 ကာလ ကိုယ်ဝန်ဆောင်ထောက်ပံ့ကြေးရယူနိုင်ဖို့အတွက် (ငွေဗိုက်) Ngwe Bike Application နဲ့ လျှောက် ထားနိုင်ပြီဖြစ်တယ်လို့ သြဂုတ် ၁၁ ရက် နံနက်ပိုင်းက နေပြည်တော် Park Royal Hotel မှာပြုလုပ်ခဲ့တဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြုလုပ်တဲ့ COVID-19 ကာလ ကိုယ်ဝန်ဆောင်မိခင်များအား ငွေကြေးထောက်ပံ့မှု အစီအစဉ်အရ သတင်းမီဒီယာတွေကို Ngwe Bike Application အသိပေး မိတ်ဆက်ခြင်း အခမ်းအနားပါ အစီအစဉ်အရ သိရပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ငွေဗိုက် ( Ngwe Bike) Application ကို Google Play Store နဲ့ Apple Store တို့မှရယူကာ ဩဂုတ် ၁၅ ရက်နောက်ဆုံးထားပြီး ပေးပို့ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

COVID-19 ကာလ ထောက်ပံ့ကြေးအဖြစ် ငွေသုံးသောင်းကျပ်ကို တစ်ကြိမ်ရရှိခံစားရမည် ဖြစ်ပြီး Ngwe Bike Application နဲ့ စာရင်းကောက်ယူခြင်းကာလကို သြဂုတ် ၁ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ သတ်မှတ်ထားပါတယ်။ သတ်မှတ်ကာလအတွင်း ကိုယ်ဝန်ရှိကြောင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဆေးရုံ ၊ ကျန်းမာရေးဌာနမှ အထောက်အထား (သို့) တရားဝင် မှတ်ပုံတင်ထားတဲ့ ပုဂ္ဂလိကဆေးရုံ ဆေးခန်းများမှ ကိုယ်ဝန်ရှိကြောင်း အထောက်အထား တစ်စုံတစ်ရာ လိုအပ်မှာ ဖြစ်ပါတယ်။

အကျိုးခံစားခွင့်ရှိတဲ့ ကိုယ်ဝန်ဆောင်မိခင် ကိုယ်တိုင်သော်လည်းကောင်း၊ ဆွေမျိုး မိတ်ဆွေများနဲ့ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ မိတ်ဖက် အသေးစားငွေကြေးလုပ်ငန်းအဖွဲ့တွေမှာလည်းကောင်း၊ Ngwe Bike Application တို့မှာလည်းကောင်း Download ရယူကာ စာရင်းပေးသွင်းမှုကို နီးစပ်ရာ လူမှုဝန်ထမ်းဦးစီးဌာနရုံးများမှာ လူကိုယ်တိုင် အထောက်အထားနဲ့ သတ်မှတ်ကာလအတွင်း စာရင်းပေးသွင်းကြရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ထောက်ပံ့ကြေးပေးဆောင်မယ့် အစီအစဉ်ကို သက်ဆိုင်ရာ ကိုယ်ဝန်ဆောင်မိခင်တို့ရဲ့ ကိုယ်ပိုင် ဘဏ်စာရင်း ၊ ၎င်းတို့နှင့်နီးစပ်ရာဘဏ်ခွဲများ ၊ မိုဘိုင်းငွေလွှဲစနစ်နဲ့ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာတွေမှာ စုရပ်သတ်မှတ်၍ စနစ်လေးမျိုးနဲ့ ပေးဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ဟာ မိမိကြိုက်နှစ်သက်ရာ အစီအစဉ်နဲ့ လက်ခံရရှိနိုင်ဖို့ Ngwe Bike Application သို့မဟုတ် နီးစပ်ရာ လူမှုဝန်ထမ်းဦးစီးဌာနတို့မှာ စာရင်းပေးသွင်းတဲ့အခါ မိမိ နှစ်သက်ရာကို ရွေးချယ်လုပ်ဆောင်နိုင်မယ်လို့ သိရပါတယ်။

အခုထောက်ပံ့ကြေး အစီအစဉ်ကို ယခင်၂၀၁၇-၂၀၁၈ ကာလအတွင်း နှစ်စဉ်ပေးဆောင်ခဲ့တဲ့ ချင်း ၊ ရခိုင် ၊ ကရင် ၊ ကယား ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့ရှိ ကိုယ်ဝန်ဆောင် မိခင်များ ပါရှိမှာ မဟုတ်ဘဲ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး (နာဂဒေသမပါ)၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် တနသာင်္ရီတိုင်းဒေသကြီးတို့ ပါဝင်မှာ ဖြစ်ပါတယ်။