COVID -19 ကာလအတွင်း အီလက်ထရောနစ် ငွေပေးချေမှုစနစ်များ ပိုမိုအားကောင်းလာ

COVID -19 ကာလအတွင်း အီလက်ထရောနစ် ငွေပေးချေမှုစနစ် များ ပိုမို အားကောင်းလာတာကို တွေ့ရှိရတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ကြောင့်ဖြစ်ပေါ်လာသော စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးဆိုင်ရာများနှင့်စပ်လျဥ်း၍ အပြန်အလှန်ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

အီလက်ထရောနစ် ဆက်သွယ်မှုနည်းပညာဖြစ်သော Video Call များ၊ Video Conference များ၊ အဓိက အရေးကြီးသည့် အွန်လိုင်းအရောင်းအဝယ်များဖြစ်ပေါ်လာသည်ကို တွေ့ရှိရကြောင်း၊ အီလက်ရောနစ် ငွေပေးချေမှုစနစ်များ ဖြစ်သော မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှုများ ပိုပြီး အားကောင်းလာသည်ကို တွေ့ရှိရကြောင်း၊ ထို့ပြင် ဌာနအသီးသီး အနေဖြင့် ယခင်က server များ ထောင်ကာ network ကြိုးများ ချိတ်ဆက် ဆောင်ရွက်နေခြင်းထက် Cloud ကနေတစ်ဆင့် Laptop များ၊ မိုဘိုင်းဖုန်းများဖြင့် ချိတ်ဆက်ကာ အဆင်ပြေပြေ ဆောင်ရွက်လာသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ကိုဗစ်ကာလ အလွန်တွင် နည်းပညာသုံးစွဲမှု အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်မည့်အပြင် တိုးတက်ဆောင်ရွက်နိုင်မည်ဟုယုံကြည်ကြောင်း “နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောပါတယ်။

ယခင်က ပြောင်းလဲရန် မလွယ်ကူတဲ့ လုပ်ထုံးလုပ်နည်းများ၊ အလေ့အထ များသည် COVID-19 ကာလအတွင်း မှာ ပြောင်းလဲနိုင်ခဲ့ပြီး အထူးသဖြင့် Digitalization အပိုင်းတွင် Online Payment နဲ့ E-Commerce တို့သည် သိသာထင်ရှားသော ပြောင်းလဲမှုရလဒ်ကောင်းများ ဖြစ်တယ်လို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဌ ဦးဇော်မင်းဝင်းက ပြောကြားခဲ့ပါတယ်။

COVID-19 ကြောင့်ဖြစ်ပေါ်လာသော စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးဆိုင်ရာများနှင့် စပ်လျဥ်း၍ အပြန်အလှန်ဆွေးနွေးပွဲကို ၂၀၂၀ ပြည့်နှစ် ဇွန် ၁၆ ရက်က Video Conferencing နဲ့ ပြုလုပ်ခဲ့ပါတယ်။

Photo- Myanmar State Counsellor Office

-သန္တာ