
COVID-19 ကာလအတွင်း အရှေ့တောင်အာရှမှာ အင်တာနက် အသုံးပြုသူ သန်း ၄၀ တိုးလာတယ်လို့ မြန်မာနိုင်ငံ ဒီဂျစ်တယ် စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း ပထမအကြိမ် နှစ်ပတ်လည် အထိမ်းအမှတ်စကားဝိုင်းမှာ Myanmar Digital Economy Association အလုပ်အမှုဆောင် ဦးအောင်ကျော်မိုးက ပြောကြားခဲ့ပါတယ်။
” COVID-19 ကာလအတွင်းမှာ အင်တာနက် အသုံးပြုသူက အရှေ့တောင်အာရှမှာ သန်း ၄၀ တိုးလာတယ်လို့ သိရပါတယ်။ သန်း ၄၀ တိုးတာကြောင့် ၂၀၂၀ အကုန်မှာ အင်တာနက် သုံးစွဲသူပေါင်း သန်း ၄၀၀ ဖြစ်သွားပါတယ်။ ဆိုလိုတာက ၂၀၁၉ အကုန်မှာ သန်း ၃၆၀ ရှိခဲ့တာပါ။ ဒီလိုမျိုး အရှိန်အဟုန် မြှင့်ပြီး တိုးတက်လာတာကို ပြောလို့ရတာ COVID-19 အဆိုးထဲက အကောင်းတစ်ခုလို့ ပြောလို့ ရပါလိမ့်မယ်။ အဲဒီအပေါ်မှာ Digital Economy ပေါ့နော်။ ဒီဂျစ်တယ်ဝန်ဆောင်မှုကို အသုံးပြုတာ။ အသုံးပြုတဲ့သူ တော်တော်များများပေါ့။ သုံးယောက်ထဲမှာ တစ်ယောက်က အခုမှ အသုံးပြုတဲ့သူတွေပါပါတယ်” လို့ ဦးအောင်ကျော်မိုးက ပြောပါတယ်။
ပထမအကြိမ် နှစ်ပတ်လည် အထိမ်းအမှတ်စကားဝိုင်းမှ မေးမြန်းခဲ့တဲ့ Digital Economy က ဘယ်အရွယ်အစားရှိလဲ တက်နေလား ကျနေလား၊ COVID ကြောင့် ဘာတွေဖြစ်သွားလဲ ဆိုတဲ့ မေးခွန်းအပေါ်မှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
” အသုံးပြုတဲ့သူတွေ အကုန်လုံးကလည်း အားလုံးထဲက ၉၀ ရာခိုင်နှုန်းက COVID-19 ပြီးသွားရင်တောင် ဆက်ပြီးတော့ Digital Economy ပေါ့နော်။ ဒီဂျစ်တယ်ဝန်ဆောင်မှုတွေကို ဆက်ပြီးတော့ သုံးစွဲမယ်လို့ google ကုမ္ပဏီကနေပြီး ကောက်တဲ့ စစ်တမ်းတစ်ခု အရ သိရပါတယ်။ ဒါဟာ ကျွန်တော်တို့ Digital Economy မှာ ပါဝင်ပတ်သက်တဲ့ ကုမ္ပဏီတွေ အကုန်လုံးအတွက်ကတော့ အားရဖွယ်ကောင်းတဲ့ အချက်တစ်ချက်လို့ ပြောလို့ရပါလိမ့်မယ်။ Digital Economy ဝန်ဆောင်မှုပေးမယ့် ကုမ္ပဏီတွေအနေနဲ့ သိထားဖို့ အချက်အချို့ ရှိပါတယ်။ အသင့်လည်း ပြင်ထားရပါမယ်။အားလုံးသိတဲ့အတိုင်းပဲ COVID-19 ကာလအတွင်းမှာ ဒီဂျယ်တယ်နည်းပညာတွေကို သုံးပြီးတော့ မဖြစ်မနေ ကိုယ့်ကိုယ်ကိုယ် အိမ်မှာနေပြီး entertain လုပ်နေရတဲ့ အခြေအနေနဲ့ အချိန်တွေကို ကုန်လွန်စေရတယ်။ ကျွန်တော် ခုနကပြောတဲ့ စစ်တမ်းအရ ဆိုရင်လည်း အိမ်မှာနေတဲ့သူ တော်တော်များများက သူတို့အသုံးပြုတာထက် တစ်နာရီလောက် ပိုပြီးတော့ သုံးတယ်လို့ သိရပါတယ်။ ဆိုလိုတာက ပုံမှန် ငါးနာရီသုံးတယ်ဆိုရင် အခု ခြောက်နာရီ သုံးနေပြီပေါ့။ အဲဒီအခါမှာ အင်တာနက်က စျေးဝယ်တာ၊ ရုပ်ရှင်ကြည့်တာ၊ သီချင်းနားထောင်တာ အစားအစာ မှာတာတွေ လုပ်ပါတယ်” လို့ ထပ်မံ ပြောကြားခဲ့ပါတယ်။
-အောင်သူ
»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««