COVID – 19 ကမ္ဘာ့ကပ်ရောဂါကြောင့် ရပ်နားထားသော အစိုးရတက္ကသိုလ်များမှ သင်တန်းများ

ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စီမံခန့်ခွဲမှုပညာဌာနမှ ဖွင့်လှစ်လျက်ရှိတဲ့ Executive Master of Business Administration (EMBA), Myanmar – India Entrepreneurship Development Centre (MIEDC) နဲ့ Center of Excellence for Business Skills Development (CEBSD) တို့မှ သင်တန်းတွေကို မတ် ၁၇ ရက် မှ စတင်ကာ သင်္ကြန်ကာလ ရုံးပိတ်ရက်ပြီးဆုံးသည် အထိ ခေတ္တရပ်နားခဲ့ပြီး သင်တန်းများဖွင့်လှစ်မယ့်ရက်တွေကိုတော့ ပြန်လည်ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ MBA နှင့် DMA တန်းအတွက် လျှောက်လွှာရောင်းချမှုရွှေ့ဆိုင်း

ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စီမံခန့်ခွဲမှုပညာဌာနမှ ဖွင့်လှစ်မယ့် Master of Business Administration (MBA) နဲ့ Diploma in Management Administration( DMA) တန်းအတွက် လျှောက်လွှာရောင်းချမှု ရွှေ့ဆိုင်းထားပါတယ်။ COVID – 19 အခြေအနေအရ လျှောက်လွှာရောင်းချမှုကို သင်္ကြန်ကာလပိတ်ရက် အပြီးထိ ရွှေ့ဆိုင်းထားမှာ ဖြစ်ပြီး ရောင်းချမယ့်ရက်ကို ပြန်လည်ကြေညာသွားမယ်လို့ သိရပါတယ်။

Seameo Chat သင်တန်းများ

COVID-19 ရောဂါမပြန့်ပွားစေရေးအတွက် Seameo Chat သင်တန်းတွေ ခေတ္တပိတ်ထားခဲ့ပါတယ်။ ဆီမီယိုဒေသဆိုင်ရာ သမိုင်းနှင့်ရိုးရာဓလေ့ဌာနရဲ့ CHAT Communication In English Course သင်တန်းမှာ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ကမ္ဘာ့ကပ်ရောဂါ အဖြစ် ကြေညာခဲ့သော ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါမပြန့်ပွားစေရေးအတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ မတ် ၂၉ ရက်မှ ဧပြီ ၃၀ ရက်အထိ ခေတ္တပိတ်ထားခဲ့ပါတယ်။ သင်တန်းပြန်လည် ဖွင့်လှစ်မယ့်ရက်တွေကိုတော့ ပြန်လည် ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

ဘွဲ့ကြိုဒီပလိုမာ (Dip IT) သင်တန်း အပတ်စဉ် (၂) လျှောက်လွှာလက်ခံခြင်း ခေတ္တရပ်နား

COVID 19 ကူးစက်ရောဂါ ပြန့်ပွားမှုကို ကာကွယ်တဲ့အနေနဲ့ ဘွဲ့ကြိုဒီပလိုမာ (Dip IT) သင်တန်း အပတ်စဉ် (၂) လျှောက်လွှာလက်ခံခြင်းကို ခေတ္တရပ်နားထားပါတယ်။ လျှောက်လွှာလက်ခံခြင်းတွေကို ဧပြီ ၃၀ ရက် အထိ ရပ်နားလိုက်တာ ဖြစ်ပါတယ်။ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် အနေနဲ့ ဘွဲကြိုဒီပလိုမာသင်တန်း (Dip-IT) အမှတ်စဉ် (၁) စာမေးပွဲရက်ကိုလည်း ရွှေ့ဆိုင်းခဲ့ပြီး ပထမနှစ်ဝက်စာမေးပွဲတွေကိုလည်း COVID-19 ကူးစက်ရောဂါ ကာကွယ်တဲ့အနေနဲ့ ရွှေ့ဆိုင်းခဲ့တာပါ။

၂၀၂၀ ခုနှစ် ဇူလိုင်လတွင် ကျင်းပမည့် ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ (JLPT) ရပ်ဆိုင်း

COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ဇူလိုင် ၅ ရက်မှာ ရန်ကုန်မြို့၊ မန္တလေးမြို့နဲ့ ပဲခူးမြို့တွေမှာ ကျင်းပပြုလုပ်မယ့် ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ (JLPT)ကို ဂျပန်ဖောင်ဒေးရှင်း (ရန်ကုန်) နဲ့ မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်း ( MAJA ) တို့မှ ရပ်ဆိုင်းထားပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေဖြစ်တဲ့ စင်္ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် တို့မှာလည်း စာမေးပွဲစစ်ဆေးခြင်းကို ခေတ္တရပ်နားထားပါတယ်။

မေလတွင် ကျင်းပမည့် TOPJ Exam မကျင်းပ

မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း ( MAJA ) အနေနဲ့ COVID 19 ကမ္ဘာ့ကပ်ရောဂါကြောင့် မေ ၁၇ ရက်မှာ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ ကျင်းပပြုလုပ်မယ့် TOP J ကို မကျင်းပဖို့ ဆုံးဖြတ်ထားပါတယ်။ ဇူလိုင်လမှာ ကျင်းပမယ့် TOP J စာမေးပွဲ အတွက် MAJA Facebook Page မှာ အသိပေးကြေညာသွားမှာ ဖြစ်ပါတယ်။

Global English Course (2/2020) သင်တန်းရွှေ့ဆိုင်း

ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ နှစ်စဉ်ဖွင့်လှစ်လျက်ရှိတဲ့ Global English Course (2/2020) သင်တန်းကို ရွှေ့ဆိုင်းလိုက်တယ်လို့ National Centre for English Language မှ သိရပါတယ်။ “အကြောင်းကြောင်းကြောင့် Global English Course (2/2020) အတန်းကို ရွှေ့ဆိုင်းလိုက်ပါတယ်။ ကြေညာထားတဲ့ ဝင်ခွင့်ခေါ်ယူခြင်းတွေကို ရွှေ့ဆိုင်းလိုက်တာပါ။ သင်တန်းတွေ ပြန်လည်ဖွင့်လှစ်မယ့်ရက်ကို ပြန်လည်ကြေညာသွားမှာပါလို့” NCEL ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ Global English Course ဟာ ဝင်ခွင့်ကို နှစ်စဉ်အွန်လိုင်းမှ တစ်ဆင့် ခေါ်ယူလေ့ရှိပြီး တစ်နှစ်လျှင်သုံးကြိမ်ခန့် ခေါ်ယူလေ့ရှိပါတယ်။ ဝင်ခွင့်ရရှိသူတွေဟာ Level ငါးခုကို တက်ရောက်ရမှာ ဖြစ်ပြီး Basic, Intermediate, Upper Intermediate, Advanced I နဲ့ Advanced II တို့ပဲ ဖြစ်ပါတယ်။ Level ငါးခုပြီးမှသာ Diploma ရရှိမှာဖြစ်ပြီး Level တစ်ခုကို ၃ လခန့် ကြာမြင့်ပါတယ်။ သင်တန်းကို တော့ ရန်ကုန်တက္ကသိုလ်ရှိ ပင်လုံဆောင်မှာ တက်ရောက်ရတာ ဖြစ်ပါတယ်။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် မှ Internship လုပ်ငန်းခွင် အကြိုလေ့ကျင့်ရေးသင်တန်းများ ရပ်နား

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ဘာသာရပ်အသီးအသီးမှ စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူတွေ အတွက် ဆောင်ရွက်ရန်ရှိတဲ့ Internship လုပ်ငန်းခွင် အကြိုလေ့ကျင့်ရေးသင်တန်းများ အားလုံးကို ခေတ္တရပ်နားခဲ့ပါတယ်။ အဆိုပါသင်တန်းတွေကိုတော့ အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှာ ပြန်လည်ဆောင်ရွက်နိုင်ဖို့ စီစဥ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် အနေနဲ့ ဖွင့်လှစ်နေဆဲ ဖွင့်လှစ်ရန် ရှိတဲ့ သင်တန်းတွေဖြစ်တဲ့ Global Young Business Manager သင်တန်း၊ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အင်္ဂလိပ်စာ မွမ်းမံသင်တန်း၊ Japan International Co-operation Centre (JICA) ရဲ့အစီအစဉ်နဲ့ ဖွင့်လှစ်လျက်ရှိတဲ့ The Japanese Grant Aid for Human Resource Development Schlorships (JDS) သင်တန်းတွေကိုလည်း ခေတ္တရပ်နားခဲ့ပါတယ်။