Cosmic Star Heroine

ဒီနေ့ခေတ် ဂိမ်းလောကမှာ တွေ့ရနည်းသွားတဲ့ ၂၀၀၀ ပြည့်နှစ် ၀န်းကျင်ထုတ် ဂိမ်းပုံစံနဲ့ ဆင်တူတဲ့ ဂိမ်းသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါ တယ်။ ဇာတ်လမ်းသွားကတော့ ခေတ်ဆန်ပါတယ်။ သိပ္ပံစိတ်ကူးယဉ်ဆန်ဆန် ဖန်တီးမှု ဇာတ်လမ်းသွားမှာ ကစားသူက လက်နက်တွေသုံးပြီး လူသားရန်သူ မဟုတ်တဲ့ သဏ္ဍာန်ပြောင်း တိရစ္ဆာန်တွေနဲ့ တိုက်ခိုက်ရင် ဆိုင်ရမှာပဲ ဖြစ်ပါတယ်။

တကယ်ဆိုအခုဂိမ်းက ပြီးခဲ့တဲ့ နှစ်ကတည်းက ထွက်ရှိထားတာ ဖြစ်ပေမယ့် အခုမှ လူသိများသလို ဥရောပနဲ့ မြောက်အမေရိက ဈေးကွက်အတွက် အဆင့်မြှင့်ပြီး အသစ်ပုံစံ ပြန်လည် ထွက်ရှိလာတာပါ။ PS4 သမားတွေ အတွက်ရော PS Vita အတွက်ပါ
ကစားနိုင်ပြီး Wins စနစ်သုံး PC တွေနဲ့လည်း ရမယ်။ နောက်ပိုင်း iOS စနစ်ရော Nintendo Switch အတွက်ပါ ဆက်ထွက် လာဖို့ ရှိနေပါတယ်။

Single အနေနဲ့ပဲ ကစားနိုင်မယ့် အခုဂိမ်းကကစားသူအနေနဲ့ ဇာတ်ကောင် ၁၁ ကောင်ထိအောင် ရွေးချယ်ကစားနိုင်မယ်။ ဇာတ်ကောင်တွေက စုံထောက်တစ်ယောက်အနေနဲ့ ပါဝင်ရမှာဖြစ်ပြီး တာဝန်ပေးတဲ့အတိုင်း ဇာတ်လမ်းသွားထဲက ဂြိုလ် ၃ လုံးမှာ သွားလာရင်းရန်သူနဲ့ တိုက်ခိုက်ရမယ်၊ တာဝန်ကို အောင်မြင်အောင် ထမ်းဆောင်ရမယ်၊ ဒါမှတစ်ခန်းချင်း အောင်မြင်ပြီးနောက်တစ်ဆင့် တက်နိုင်မှာလည်း ဖြစ်ပါတယ်။ ပုံမှန်အတိုင်း ဇာတ်ကောင်တစ်ကောင်ချင်းစီမှာ သီးသန့် စွမ်းဆောင်ရည်တွေ ရှိမယ်ပေါ့။ စက်ရုံ
တွင်းလမ်းတွေမှာ သွားလာ တိုက်ခိုက်ရမှုတွေအပြင် မြို့တွင်းလမ်းတွေမှာ ဖြတ်သန်းသွား လာရမှုတွေ ရှိမယ်။ တိုက်ခိုက်ရေး ဂိမ်းစစ်စစ် ကောင်းကောင်းတွေ ကစားနေသူတွေအတွက် အခုဂိမ်းရဲ့ ရုပ်ထွက်နဲ့ ကစားရမှုက ကလေးဆန်ချင်တယ်၊ ရိုးလွန်းတယ်လို့ ဆိုနိုင်ပေမယ့် ရန်သူနဲ့ တိုက်ခိုက်မှုတွေမှာ မှန်ကန်တဲ့ လက်နက်နဲ့ တိုက်ခိုက်မှုကိုသုံးနိုင်မှ အဆင်ပြေမယ့် အချက်တွေကတော့ အမြင်ရိုးပေမယ့် စိန်ခေါ်မှုကောင်းကောင်း ပေးနိုင်နေတာတွေ့ရပါတယ်။

Chrono Trigger လို ဂိမ်းကစားဖူးသူတွေအနေနဲ့တော့ ကစားရတာ ပိုလွယ်ပါလိမ့်မယ်။ ဖန်တီးမှုနဲ့ Item အသုံးပြုမှုတွေ က အဆိုပါဂိမ်းနဲ့ ဆင်ပါတယ်။ ဂိမ်း က Zevanii ကြယ်စုစနစ် ထဲကဂြိုဟ် ၃ ခုမှာ သွားလာပြီး ရန်သူတွေကို တိုက်ခိုက်ရမှာပါ။ Araenu ရယ်၊ Rhomu နဲ့ Nuluup ဂြိုဟ်တွေဖြစ်ပြီး ဒီဂြိုဟ်တွေပေါ်က သဏ္ဍာပြောင်း ရန်သူတွေကို တိုက်ခိုက် နှိမ်နင်းရမှာပါ။ ကစားသူအနေနဲ့ ရန်သူကို တိုက်ခိုက်သတ်ဖြတ်ပြီး ကျော်ဖြတ်လို့လည်းရသလိုရှောင်ရှားပြီး တာဝန်ပြီးဆုံးအောင် ကစားလို့လည်း ရနိုင်ပါတယ်။ ဂြိုဟ် ၃ ခု ခွဲထားရတဲ့ အဓိကအကြောင်းကတော့ ပတ်ဝန်းကျင်မတူအောင် စိတ်ခေါ်မှု ပိုကြီးအောင် ဖန်တီးထားခြင်းဖြစ်ပြီး Araenu ဂြိုဟ်ဆိုရင် အမှောင်ကျနေတဲ့ ဂြိုဟ်ဖြစ်ပြီး သွားလာတိုက်ခိုက်ရမှုတွေမှာ မှောင်နေလို့ ပိုသတိထားရမယ်၊ Rhomu ဂြိုဟ်ဆိုရင် ဓာတ်ရောင်ခြည် သင့်ထားလို့ ရန်သူရဲ့ တိုက်ခိုက်မှုအပြင် ဓာတ်ရောင် ခြည်တွေနဲ့ မထိမိအောင်ပါ တပါတည်း ဂရစိုက် ကစားရမယ်၊ Nuluup မှာတော့ မြင်နေကျမဟုတ်တဲ့ ဂြိုဟ်သားလို့ပါ ဆိုရမယ့် Ghast ဆိုတဲ့ သားရဲတွေရဲ့ တိုက်ခိုက်မှုကို ပိုခံရမှာဖြစ်ပြီး သတိထား အောင်မြင်အောင် ကစားရမှာ ဖြစ်ပါတယ်။

သက်နိုင်ဦး (UCSL)