Cortana ပါဝင်တဲ့ Microsoft အပူချိန်ညှိကိရိယာကို မတ်လတွင် ကြိုတင်မှာယူနိုင်မည်

Microsoft ဟာ အပူချိန်ညှိကိရိယာတစ်ခုကို တည်ဆောက်ဖို့အတွက် Johnson Controls နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီးနောက် Cortana ပါဝင်တဲ့ ပထမဆုံး အပူချိန်ညှိကိရိယာကို ပြီးခဲ့တဲ့နှစ်က ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။ GLAS လို့ခေါ်တဲ့ အဲ့ဒီ အပူချိန်ညှိကိရိယာဟာ အိမ်တွင်းနဲ့ အိမ်ပြင်ရှိ လေထုအရည်အသွေးကို ခြေရာခံခြင်း၊ အပူချိန်ထိန်းညှိပေးခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါတယ်။ အချက်အလက်ဖော်ပြဖို့အတွက် Cortana ကို သုံးထားတာကြောင့် အသံနဲ့ထိန်းချုပ်စေခိုင်းနိုင်ပါတယ်။

အခုဆိုရင် GLAS ကို ၃၁၉ ဒေါ်လာနဲ့ မတ်လမှာ ကြိုတင်မှာယူနိုင်မယ်လို့ Johnson Controls က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါဟာ Nest လို ပြိုင်ဘက်တွေနဲ့ Alexa ပါဝင်တဲ့ ၂၄၉ ဒေါ်လာတန် Ecobee ထက် ဈေးများပေမယ့် ဒီ အပူချိန်ညှိကိရိယာရဲ့ ထူးခြားဆန်းသစ်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ translucent display ကြောင့် ဈေးပိုပေးရတာဖြစ်တယ်လို့ ယူဆရပါတယ်။

GLAS မှာ Microsoft ရဲ့ Windows 10 IoT Core operating system နဲ့အတူ Qualcomm Snapdragon 410E embedded processor, Wi-Fi, Bluetooth တို့ကို အသုံးပြုထားပါတယ်။ GLAS ဟာ အပူချိန်ထိန်းညှိမှုများ၊ ရာသီဥတုခန့်မှန်းချက်များနဲ့ အခြားလုပ်ဆောင်ချက်တွေကို မိုဘိုင်း app တစ်ခု၊ browser နဲ့ Cortana အသံစေခိုင်းမှုတို့ကနေတစ်ဆင့် ထောက်ပံ့ပေးနိုင်ပါတယ်။ GLAS ကို လူနေအိမ်တွေ၊ ကုန်သွယ်မှုအဆောက်အအုံတွေမှာ တပ်ဆင်အသုံးပြုနိုင်ပါတယ်။

GLAS ကို ကြိုတင်မှာယူဖို့အတွက် Johnson Controls ဝက်ဘ်ဆိုက်မှာ မှတ်ပုံတင်နိုင်ပါတယ်။
Johnson Controls ဝက်ဘ်ဆိုက်မှာ ⇒ https://glas.johnsoncontrols.com/pre-order/

-နောင်နောင်
Ref: TheVerge