Concrete Genie

ပြည်တွင်းက PS4 သမားတွေ စိတ်ကြိုက်ဖြစ်မယ့် ဂိမ်းသစ်တစ်ခုနဲ့ အခုတစ်ပတ်မှာ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၁၇ ကတည်းက ကြေညာထားခဲ့တာဖြစ်ပေမယ့် အခုလဆန်းအတွင်းကမှ ထွက်ရှိလာတာပါ။ ဖန်တီးသူ Brent Grocke ကတော့ အခုဂိမ်းကို ရုပ်ထွက်ပိုင်းနဲ့ ဆန်းသစ်မှုမှာ စိတ်ကြိုက် ဖြစ်ချင်လို့ အချိန်ယူ ဖန်တီးထားတာလို့ ဆိုပါတယ်။ ဟုတ်ပါတယ်၊ ရုပ်ထွက်က Animation ဇာတ်ကားတစ်ကား ကြည့်ရသလို ရုပ်ထွက်ကောင်းမွန်တယ်၊ ဆန်းသစ်မှုကလည်း စိတ်ကူးယဉ် ဇာတ်လမ်းတစ်ခုအတိုင်း ဖန်တီးထားတာပါ၊ Alice and Wonderland လိုပဲ မှော်ကမ္ဘာကို ရောက်သွားပြီး ဂိမ်းတစ်ခုကို အနိုင်ရအောင် ကစားရမှာပါ။

ကစားသူက အထီးကျန်ကောင်လေး Ash နေရာကို ၀င်ကစားရမယ်၊ ကစားခန်းက Denska မြို့လေးထဲမှာ တည်ထားတယ်။ သူက အားလပ်ချိန် တွေမှာ ပန်းချီပုံလေးတွေ ရေးဆွဲလေ့ရှိသူ၊ တစ်ယောက်တည်း နေတတ်တဲ့ သူ့အတွက် အဖွဲ့လိုက် လူမိုက်အတန်းဖော်တွေနဲ့တွေ့တိုင်း အမြဲအနိုင်ကျင့်တာ ခံနေရတဲ့သူ။ တစ်နေ့ သူတစ်ယောက်တည်း ပန်းချီဆွဲရင်း သူ့ပန်းချီစာအုပ်ကို အတန်းဖော်တွေက အနိုင်ကျင့်ရယူပြီး ဖြဲဆုတ်လိုက်တယ်၊ တစ်ပိုင်းတစ်စစီ ဖြစ်သွားတဲ့ ပန်းချီစာအုပ်လေးကို ပြန်လည်ဆက်မိဖို့ ပုံလေးတွေရဲ့ အစိတ်အပိုင်းလေးတွေကို ပြန်ရှာရမယ်ပေါ့။ ထူးခြားချက်က ပြဲသွားတဲ့ ပန်းချီစာရွက် တစ်ပိုင်းစီကို ပြန်ရှာချိန် ပုံရိပ်တွေက အသက်ဝင်လာခြင်းဖြစ်ပြီး ပုံတစ်ပုံကို ပြီးပြည့်စုံအောင် ပြန်လည် ဆက်စပ်မိတိုင်း အသက်ဝင် သတ္တဝါတစ်ကောင် ဖြစ်လာမှာပါ။ ဒီလိုနဲ့  Ash က သူ့ရဲ့ ပန်းချီစာအုပ်ထဲက ပုံတွေအားလုံး ပြန်ရအောင် တစ်ဆင့်ပြီးတစ်ဆင့် ပြန်လည်ရှာဖွေ ဆက်စပ်ရမှာပါ။

လူဆိုးတွေ အနေနဲ့ကတော့ Ash ကို အနိုင်ကျင့်နေတဲ့ အတန်းဖော် လူမိုက်တွေရှိနေပြီး ပုံလေးတွေကို ပြန်လည် ရှာဖွေနေချိန် သူတို့နဲ့ လမ်းမှာပြန်ဆုံမိရင်တော့ ဇာတ်လမ်းအစကလိုပဲ သင်ပြန်လည်အနိုင်ရအောင် ကစားရပါလိမ့်မယ်။ ဒါကြောင့် ဇာတ်လမ်းသွားတစ်လျှောက် အတန်းဖော် လူမိုက်တွေနဲ့ မဆုံမိအောင်လည်း ရှောင်ရှားရပါလိမ့်မယ်။

တိုက်ခိုက်ရေးဂိမ်းလို့လည်း သတ်မှတ်နိုင်ပေမယ့် အထူးသဖြင့်တော့ စွန့်စားခန်းဝင်နေရတာ များပါတယ်။ ကိုယ်မသိတော့တဲ့ပုံတွေကို ကွင်းဆက်ရှာဖွေ ပုံဖော်၊ ကိုယ်မသိတဲ့ နေရာ၊ အဆောက်
အဦတွေမှာ ပုံတွေကို ရှာဖွေစုဆောင်း၊ ကိုယ်မကျွမ်းကျင်တဲ့ လမ်းကြောင်းတစ်ခုကိုလျှောက်ရင်း နောက်ဆုံးအဆင့်ထိအောင် အနိုင်ရဖို့ ကစားရမှာပါ။ ကစားသူက သက်ဝင်ပုံတွေကို ရှာဖွေပုံဖော်ရင်း ပန်းချီစာအုပ်ထဲက ပုံအားလုံး ပြန်လည်ရှာဖွေ ချိတ်ဆက်နိုင်ရင် အနိုင်ရမှာပါ။ ဂရုစိုက်ရမယ့် အချက်က ပုံတွေကို ရှာဖွေစုဆောင်းနေချိန် အတန်းဖော်တွေနဲ့ ပြန်မဆုံမိအောင် ရှောင်ရမယ့် အချက်ပါ၊
ပုံများများ စုမိထားလေလေ ပိုပြီးဂရုတစိုက် ကစားဖို့ လိုအပ်လေလေ ဖြစ်ပါတယ်။

ဂိမ်းဖန်တီးသူတွေကတော့ အခုဂိမ်းကို အသားကျသွားသူတွေအတွက် အချိန် ၅ နာရီကနေ ၆ နာရီလောက်ထိအောင် ကစားမှ အနိုင်ရမယ်လို့ဆိုပြီး အခုမှ အသစ်ကစားမယ့်သူတွေ အတွက်တော့ ရက်ပေါင်းများစွာကြာအောင် တိုင်ပတ်နေစေဖို့ ရှိပါတယ်။ မကြာခင် Multi အနေနဲ့ပါ ကစားနိုင်မယ့် Version ကို Update လုပ်ဖို့ရှိနေပြီး Platform စုံနဲ့ပါ ကစားနိုင်အောင် ဖန်တီးလာဖို့ ရှိနေတာကြောင့် Update Version မဟုတ်တဲ့ အသစ်ထွက် ဂိမ်းသစ်ကို ကစားချင်သူတွေ အတွက်ကတော့ လုံးဝစိတ်ကြိုက်ဖြစ်မယ့် ဂိမ်းလို့ဆိုချင်ပါတယ်။