Chromecast နှင့်ယှဉ်ပြိုင်မည့် Fire TV Stick ကို Amazon မိတ်ဆက်

Amazon-FireTVStick-Remote-Landscape.jpg

Google ၏ Chromecast နှင့် Roku ၏ Streaming Stick အပါအဝင် ထုတ်ကုန်များနှင့် ယှဉ်ပြိုင်မည့် streaming media stick ကို Amazon မှမိတ်ဆက် ပေးခဲ့သည်။

Amazon သည် Fire TV Stick ဟုခေါ်သည့် streaming media stick ကို နိုဝင်ဘာလ ၁၉ ရက်တွင် တင်ပို့ရောင်းချ မည်ဖြစ်ပြီး Amazon Prime member များအနေဖြင့် နှစ်ရက်အတွင်း ကြိုတင်မှာယူပါက ၁၉ ဒေါ်လာဖြင့် ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ Streaming stick သည် လွန်ခဲ့သည့် ၇ လခန့်က ရောင်းချခဲ့သော Amazon ၏ Fire TV set-top-box တွင် အသုံးပြုနိုင်သည့် app အများစုကို အသုံးပြုနိုင်မည် ဖြစ်သည်။ အသုံးပြုနိုင်သည့် app များတွင် Netflix, Hulu, Prime Instant Video, ESPN, Twitch, Spotify စသည်တို့ ပါဝင်သည်။

Amazon ၏အဆိုအရ Fire TV  Stick တွင် Chromecast  ထက်နှစ်ဆ ပိုမိုသည့် memory ပါဝင်ပြီး ၎င်းသည် Roku ၏ Streaming Stick ထက် စွမ်းဆောင်ရည် ၆ ဆပိုမိုကြောင်း သိရသည်။ ပါဝင်သည့် အခြား feature များမှာ dual-core ပရိုဆက်ဆာ၊ 8GB သိုလှောင်မှု ပမာဏနှင့် buffering မလိုသည့် instant streaming တို့ဖြစ်သည်။ ထို့အပြင် ၎င်းထုတ်ကုန်ဖြင့် Net-flix နှင့် Amazon Prime ကို ရက် ၃၀ အခမဲ့သုံးနိုင်မည် ဖြစ်သည်။

Fire TV Stick သည် Amazon ၏ hardware ထုတ်လုပ်မှု အပိုင်းတွင် နောက်ဆုံးခြေလှမ်း တစ်ရပ်ဖြစ်သည်။ Amazon သည် ယခုနှစ် အစောပိုင်းက ကုမ္ပဏီ၏ ပထမဦးဆုံး စမတ်ဖုန်းဖြစ်သော Fire Phone ကို မိတ်ဆက်ပေးခဲ့သည်။

-နောင်နောင်
Ref: USAToday