Chat history များကို သိမ်းဆည်းထားခြင်း မရှိကြောင်း WeChat ငြင်းဆို

တရုတ်နိုင်ငံရဲ့ နာမည်ကျော် messaging app WeChat က chat history တွေကို သိမ်းဆည်းထားခြင်းမရှိကြောင်း ငြင်းဆိုလိုက်ပါတယ်။

တရုတ်စီးပွားရေး လုပ်ငန်းရှင် Li Shufu က “ကုမ္ပဏီအနေနဲ့ နေ့စဉ် WeChat သုံးစွဲမှုတွေကို စောင့်ကြည့်နေနိုင်တယ်” လို့ ပြောကြားခဲ့ပြီးနောက် အခုလို ငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။

သုံးစွဲသူတွေကို စောင့်ကြည့်နေတယ်ဆိုတဲ့ ခန့်မှန်းပြောကြားချက်တွေက နားလည်မှုလွဲမှားနေတာသာဖြစ်တယ်လို့ Tencent ပိုင်ဆိုင်တဲ့ ကုမ္ပဏီက တုံ့ပြန်ခဲ့ပါတယ်။

“WeChat အနေနဲ့ သုံးစွဲသူတွေရဲ့ chat history တွေကို မသိမ်းထားပါဘူး။ အဲ့ဒါတွေကို သုံးစွဲသူတွေရဲ့ မိုဘိုင်းဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ အခြား terminal တွေမှာပဲ သိမ်းထားတာပါ။ WeChat အနေနဲ့ big data analysis အတွက် သုံးစွဲသူတွေရဲ့ ဘယ် content ကိုမှ မသုံးပါဘူး။ WeChat က နေ့စဉ်သုံးစွဲမှုတွေကို စောင့်ကြည့်နေတယ်ဆိုတဲ့ ကောလာဟလက နားလည်မှုလွဲမှားတာ ဖြစ်ပါတယ်” လို့ WeChat က ပြောကြားခဲ့ပါတယ်။

WeChat အပါအဝင် တရုတ်လူမှုကွန်ရက်အားလုံးဟာ အစိုးရက တရားမဝင်ကြောင်း မှတ်ယူတဲ့ public post တွေကို ဆင်ဆာလုပ်ရပါတယ်။ WeChat ရဲ့ သုံးစွဲသူ ကိုယ်ရေးလုံခြုံမှု ပေါ်လစီမှာတော့ အစိုးရအာဏာပိုင် တစ်ခုခုက တောင်းဆိုတဲ့ သုံးစွဲသူရဲ့ အချက်အလက်တွေကို ထိန်းသိမ်းဖို့နဲ့ ဖော်ထုတ်ဖို့ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။

၂၀၁၆ ခုနှစ်က လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Amnesty International က ပြုစုခဲ့တဲ့ messenger app တွေရဲ့ ကိုယ်ရေးလုံခြုံမှု အစီရင်ခံစာမှာ Tencent က အမှတ် ၁၀၀ မှာ တစ်မှတ်မှ မရရှိခဲ့ဘူးလို့ သိရပါတယ်။

-နောင်နောင်
Ref: BBC/CNBC