CES 2021 ပွဲမှာ LG Display ပြသခဲ့တဲ့ အနာဂတ် OLED display များ

ဇန်နဝါရီ ၁၁ ရက်ကနေ ၁၄ ရက် အထိ ပြုလုပ်ခဲ့တဲ့ CES 2021 ပွဲမှာတော့ LG Display ကတော့ ခေတ်ရှေ့ပြေး display concept တွေကို ပြသခဲ့ပါတယ်။ LG ကတော့ ဒီနှစ်မှာ မတူညီတဲ့ display ဆန်းသစ်တီထွင်မှု ၆ ခုကို ပြသခဲ့တယ်။

နေထိုင်မှုပုံစံ – ၅၅ လက်မ Transparent OLED Smart Bed

LG Display ရဲ့ပထမဆုံးတစ်ခုကတော့ ၅၅ လက်မ transparent OLED Smart Bed ဖြစ်ပါတယ်။ ဖောက်ထွင်းမြင်နိုင်တဲ့ OLED အောက် ခံဘောင်ကို ချိန်ညှိနိုင်လို့ရပြီး display နေရာ အမျိုးမျိုးအတွက် အမြင့်ကိုလည်း ချိန်လို့ရပါတယ်။ အဲဒီ display မသုံးတဲ့အခါမှာ အချိန်၊ ရာသီဥတုနဲ့ သီချင်းအချက်အလက် ဖော်ပြပေးတဲ့ display အထိ အသုံးပြုထားပါတယ်။ LG Display ကလည်း display ရဲ့အခြား feature တချို့ကိုပြသခဲ့ပြီး alarm နာရီအဖြစ် အသုံးပြုတာအပြင် အိပ်စက်မှုပုံစံကို လေ့လာဆန်းစစ်ပေးပါတယ်။ အောက်ခံဘောင်မှာလည်း စပီကာ ပါဝင်ပါတယ်။

အားကစား – ၅၅ လက်မ Rail and Pivot OLED

COVID-19 ကပ်ရောဂါအတွင်း အိမ်မှာနေရတဲ့ကာလအတွင်း အိပ်ခန်းနဲ့ ဧည့်ခန်းတွေမှာ အားကစားလေ့ကျင့်ခန်းတွေ လုပ်ရပါတယ်။ LG Display ကတော့ အိမ်မှာနေရင်း ဗီဒီယိုထဲက လေ့ကျင့်ခန်းတွေ လုပ်နိုင်မယ့် display တွေကို မိတ်ဆက်ခဲ့ပါတယ်။ LG Display ရဲ့ ၅၅ လက်မ Rail and Pivot OLED ကတော့ ရှုထောင့်အမျိုးမျိုးမှာ နေရာချထားနိုင်ပါတယ်။ LG ကတော့ display ကို နံရံနောက်ထဲထားတာနဲ့ slide လုပ်ပြီး ထည့်နိုင်တာလည်း ပြခဲ့ပါတယ်။

သယ်ယူပို့ဆောင်ရေး – ၅၅ လက်မ Transparent OLED

LG ပြသခဲ့တဲ့ နောက် display တစ်ခုကတော့ အများပြည်သူသွားလာရာနေရာမှာ ထားနိုင်တဲ့ထုတ်ကုန် ဖြစ်ပါတယ်။ ၅၅ လက်မ transparent OLED ကိုတော့ မြေအောက်ဘူတာရုံမှာထားနိုင်ပြီး ရထားပြောင်းလဲစီးနင်းရမယ့် သတင်းအချက်အလက်နဲ့ လမ်းကြောင်းကိုလည်း ပြပေးထားပါတယ်။ အချိန်နဲ့ ရာသီဥတု အခြားအချက်အလက်တွေကိုလည်း ပြပေးပါတယ်။

စားသောက်ဆိုင်သုံး – ၅၅ လက်မ Transparent OLED နဲ့ ၂၃.၁ လက်မ in-Touch Stretch Display

LG Display ကတော့ အနာဂတ် စားသောက်ဆိုင်တွေမှာ အသုံးပြုနိုင်တဲ့ ကြီးမားတဲ့ ၅၅ လက်မ transparent OLED နဲ့ ၂၃.၁ လက်မ in-Touch stretch display ကိုတော့ ပြသခဲ့ပါတယ်။ စားသောက်ဆိုင်မှာ လာရောက်စားသောက်မယ့်သူကတော့ ၅၅ လက်မ transparent OLED ရှေ့ထိုင်ပြီး menu ထဲက အစားအစာကို မှာယူနိုင်သလို အားကစားအအစီအစဉ်တွေကိုလည်း ကြည့်နိုင်ပါတယ်။ လက်တွေ့ပြသမှုအတွင်း စားဖိုမှူးတစ်ဦးကတော့ display နောက်ကွယ်မှာ အစားအသောက် ချက်ပြုတ်နေပါတယ်။ Display ကလည်း ဖောက်ထွင်းမြင်နိုင်တာကြောင့် စားသုံးသူတွေက စားဖိုမှူးနဲ့ စကားပြောနိုင်ပါတယ်။

ဂိမ်း – ၄၈ လက်မ မျက်နှာပြင် Cinematic Sound OLED (CSO) Gaming TV

LG Display ကတော့ အချင်းဝက် မီလီမီတာ ၁,၀၀၀ အထိ ကွေးထားတဲ့ OLED display ကိုပြသခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီတီဗီကို အပြားလိုက်ပုံစံနဲ့ ရုပ်ရှင်တွေ ကြည့်တာအပြင် ကားမောင်းဂိမ်းတွေလည်း ကစားနိုင်ပါတယ်။ အဲဒီမျက်နှာပြင် refresh rate ကတော့ 40Hz နဲ့ 120Hz အထိရှိပါတယ်။ အသံတွေ ထုတ်လွှတ်သလို တုန်ခါမှုလည်း ရှိပါတယ်။

ရုပ်ရှင်ရုံသုံး – ၈၈ လက်မ 8K Cinematic Sound OLED

LG Display က နောက်ဆုံး concept ထုတ်ကုန်အဖြစ် ၈၈ လက်မ 8K Cinematic Sound OLED ပြသခဲ့ပါတယ်။ အဲဒီ display ကတော့ နေအိမ်သုံး ရုပ်ရှင်ရုံအတွက် ပစ်မှတ်ထားတာ ဖြစ်ပါတယ်။ အခုထုတ်ကုန်မှာတော့ ၄၈ လက်မ တီဗီမှာပါတဲ့ တုန်ခါမှုရှိတဲ့ အသံစနစ်ကို အသုံးပြုထားပါတယ်။

-စိုးထက်
Ref: AndroidAuthority

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««