CES 2021 ပြပွဲမှာ ဘယ်လိုနည်းပညာတွေ မြင်တွေ့ရမလဲ

နှစ်စဉ်ပြုလုပ်နေကျ CES 2021 ပြပွဲကတော့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြောင့် ဒီဂျစ်တယ်ပေါ်မှာပဲ ပြုလုပ်သွားပါမယ်။ CES 2021 ပွဲကိုတော့ ဇန်နဝါရီ ၁၁ ရက်ကနေ ၁၄ ရက်အထိ ပြုလုပ်သွားပါမယ်။ ပွဲအတွင်း နေအိမ်သုံး အလိုအလျောက်နည်းပညာ၊ ကျန်းမာရေးနဲ့ 5G နည်းပညာတွေကတော့ လှုပ်လှုပ်ရှားရှား ဖြစ်လာဦးပါမယ်။ ဒါပေမဲ့ ကုမ္ပဏီအများစုကတော့ ကပ်ရောဂါအတွင်း နေအိမ်မှာ နေထိုင်ရတဲ့ အချိန် ပိုမို များပြားလာတာနဲ့ ထင်ဟပ်တဲ့ နည်းပညာထုတ်ကုန်တွေကို ပိုမို မိတ်ဆက်လာနိုင်ပါတယ်။

CES ပွဲမှာ နှစ်စဉ်နှစ်တိုင်း သတင်းထောက်၊ ပါဝင်ပြသသူနဲ့ ရင်းနှီးမြှုပ်နှံသူတွေက တီဗီအကြီးစား၊ စမတ်ကားနဲ့ မာတီနီဖျော်ပေးတဲ့ စက်ရုပ်တွေ ပြည့်နှက်နေတဲ့ လာ့စ်ဗီးဂတ်ပြခန်းထဲမှာ စူးစမ်းကြတာ ပုံမှန်ပါပဲ။ အခုအခါမှာတော့ ကမ္ဘာတစ်ဝန်း COVID-19 ကပ်ရောဂါကြောင့် CES ပြပွဲ ၅၄ နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် အဖြစ် ဒီဂျစ်တယ်မှာ ပြုလုပ်သွားပါမယ်။

အကျိုးအမြတ်မယူတဲ့ Consumer Electronics Association ပြောကြားချက်အရ ဒီနှစ် ဒီဂျစ်တယ်မှာ ပြုလုပ်မယ့် ၄ ရက်တာကြာမြင့်မယ့် ပွဲအတွင်း ကမ္ဘာတစ်ဝန်းက ပြပွဲဝင်သူ ၁,၈၀၀ ပဲပါဝင်လာပါမယ်။ ပြီးခဲ့တဲ့နှစ်က လာ့စ်ဗီးဂတ်မှာ ပြုလုပ်တဲ့ ပြပွဲဝင် ၄,၀၀၀ အထိ ရှိပါတယ်။ ဒီဂျစ်တယ်ပွဲကြောင့် အွန်လိုင်းပရိသတ်တွေထဲ မပါဝင်ဖူးတဲ့ နိုင်ငံက နည်းပညာကုမ္ပဏီတွေ ပါဝင်ခွင့်ရလာပေမယ့် ကုမ္ပဏီအသေးစားတွေကိုတော့ သတိပြုဖို့ ခက်ခဲလာပါမယ်။
CES 2021 မှာပါဝင်မယ့် နည်းပညာတွေအကြောင်းကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

5G

CES 2021 မှာ 5G အကြောင်း ဆွေးနွေးမှုက မနှစ်ကထက် ပိုမို များလာပါမယ်။ Verizon စီအီးအို ဟန်စ်ဗက်ဘာ့ကတော့ 5G ကွန်ရက်နဲ့ အနာဂတ် အစီအစဉ်တွေကနေ ကုမ္ပဏီက ဘာတွေ သင်ယူထားလဲဆိုတဲ့ အကြောင်းကို ပြပွဲအဖွင့်မှာ မိန့်ခွန်းပြောသွားပါမယ်။ AT&T Business စီအီးအို အန်နီချောင်ကလည်း အလားတူပုံစံမျိုး ပွဲထွက်လာပါမယ်။ CES ဝက်ဘ်ဆိုက်မှာ စာရင်းသွင်းထားတဲ့ အစီအစဉ် ၂၀ ကတော့ ကားနဲ့ စမတ်မြို့တော်ကနေ ကျန်းမာရေးနဲ့ လယ်ယာစိုက်ပျိုးရေးအထိ 5G နည်းပညာက အပြောင်းအလဲ သယ်ဆောင်မယ့် အကြောင်းကို ဆွေးနွေးသွားပါမယ်။ 5G ချိတ်ဆက်ထားမယ့် laptop တွေကိုလည်း မိတ်ဆက်မယ်လို့ ABI Research သုတေသနဒါရိုက်တာ ဒေးဗစ်မက်ကွင်းက ဖော်ပြထားပါတယ်။ Dell နဲ့ Lenovo တို့ကလည်း 5G အစီအစဉ်တွေကို မိတ်ဆက်သွားပါမယ်။

ကျန်းမာရေးနည်းပညာ

ကျန်းမာရေး gadget တွေနဲ့ ကိုယ်လက်ကြံ့ခိုင်ရေး ထုတ်ကုန်နဲ့ စမတ်လက်ပတ်တွေက CES မှာ ရေပန်းစားပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ အဲဒီ ထုတ်ကုန်တွေ ပိုမို များပြားလာနိုင်ပါတယ်။ ဒီနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်လာတာကြောင့် ကျန်းမာရေးထုတ်ကုန်တွေ ရောင်းအားများလာသလို လုပ်ငန်းတွေကလည်း ကျန်းမာရေးထုတ်ကုန် ဖန်တီးဖို့ တာစူနေပါတယ်။

အဆင့်မြင့် စမတ်လက်ပတ်တွေဟာ ခြေရာခံတာတွေထက် ပိုတဲ့ နည်းပညာတွေ ပါဝင်လာပါမယ်။ အသစ်ထွက်လာမယ့် fitness ဝန်ဆောင်မှုနဲ့ ထုတ်ကုန်တွေက အခြားလူတွေနဲ့လည်း ပိုမို ချိတ်ဆက်လာဖို့ ကြိုးစားလာပါမယ်။

ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး

ပြီးခဲ့တဲ့နှစ်က အရာအားလုံးဟာ အွန်လိုင်းပေါ် ရောက်ကုန်ပါတယ်။ တယ်လီကျန်းမာရေးကဏ္ဍ အပြင် နေအိမ်ကနေ အလုပ်လုပ်တာ၊ အွန်လိုင်းကနေ ပညာသင်တာနဲ့ streaming ကိစ္စတွေကလည်း CES မှာအရေးပါလာပါမယ်။ Microsoft ဥက္ကဋ္ဌ ဘရတ်စမစ်ကလည်း အသုံးမပြုရသေးတဲ့ လှိုင်းတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ broadband တိုးချဲ့မယ့်အကြောင်း ဆွေးနွေးမယ်လို့ CEA ဥက္ကဋ္ဌနဲ့ စီအီးအို ဂယ်ရီရှာပီရိုက ပြောခဲ့ပါတယ်။ တယ်လီကျန်းမာရေးကဏ္ဍမှာ augmented reality tool တွေ ပိုမို အဆင့်မြင့်လာပြီး AMD ချစ်ပ်တွေကလည်း multiplayer ဂိမ်းတွေအားလုံးကို ပိုမို ကိုင်တွယ်လာနိုင်ပါတယ်။

စမတ်အိမ်

လူသန်းပေါင်းများစွာဟာ အိမ်မှာပဲ နေထိုင်ရတာ‌ကြောင့် ကုမ္ပဏီတွေ အများစုက စမတ်ထုတ်ကုန်နဲ့ စနစ်တွေကို ဧည့်ခန်းနဲ့ မီးဖိုချောင်ထဲမှာ တပ်ဆင်လာဖို့ ဆွဲဆောင်ဖို့ မျှော်လင့်နေပါတယ်။ စမတ်ရေခဲသေတ္တာနဲ့ အဝတ်လျှော်စက်၊ စက်ရုပ်ဖုန်စုပ်စက်နဲ့ လေသန့်စင်စက်တွေလိုမျိုး စက်တွေက အသံနဲ့ထိန်းချုပ်နိုင်တဲ့ နည်းပညာ ပါဝင်လာပါတယ်။

Samsung Galaxy S21

Samsung Galaxy S21 မိတ်ဆက်ပွဲကတော့ CES ပွဲမှာတော့ တရားဝင် မပါဝင်ပါဘူး။ ဒါပေမဲ့ Samsung ကတော့ စမတ်ဖုန်းသစ် ၃ မျိုးကိုတော့ ကွန်ဖရင့်နောက်ဆုံးရက်မှာ ပြုလုပ်သွားပါမယ်။ ဒီနှစ်မှာတော့ အဆင့်မြင့်တဲ့ ကင်မရာနဲ့ ပိုမို ပြန့်ပြူးတဲ့ ဒီဇိုင်းနဲ့ ဈေးနှုန်းလည်း အနည်းငယ်သက်သာတဲ့ Galaxy S21 ပွဲထွက်လာနိုင်ပါတယ်။

-စိုးထက်
Ref: CNN

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««