CES ပြပွဲတွင် စမတ်မျက်မှန်နှင့် အဆုတ်ပြန်ကောင်းလာစေမည့် ကိရိယာတို့ကို Samsung မိတ်ဆက်မည်

Samsung ဟာ C-Lab incubator အစီအစဉ်က ထွက်ပေါ်လာတဲ့ ထုတ်ကုန်သစ်သုံးမျိုးကို CES ကုန်စည်ပြပွဲမှာ ပြသသွားမယ်လို့ သိရပါတယ်။ အဲဒီထုတ်ကုန်တွေထဲမှာ အမြင်အာရုံချို့တဲ့သူတွေကို အထောက်အကူပေးမယ့် စမတ်မျက်မှန်နဲ့ အဆုတ်ထိခိုက်ထားသူတွေကို ပြန်လည်သက်သာအောင် ပြုလုပ်ပေးမယ့် ထုတ်ကုန်တို့ ပါဝင်ပါတယ်။

လေရှူကိရိယာနဲ့ဆင်တဲ့ GoBreath ဟာ အလွယ်တကူ သယ်ဆောင်နိုင်ပါတယ်။ အဲဒီ ထုတ်ကုန်ကို app တစ်ခုနဲ့ ချိတ်ဆက်ထားပြီး အဆုတ်ကို ခွဲစိတ်ပြီးတဲ့အခါ ပြန်လည်သက်သာလာအောင် အကူအညီပေးဖို့ အဆုတ်ထိခိုက်ထားတဲ့လူနာတွေကို နည်းလမ်းတွေ သင်ကြားပေးပါတယ်။ လူနာတွေဟာ အဆုတ်ခွဲစိတ်ထားပြီးတဲ့နောက်မှာ ပြန်သက်သာလာဖို့ အသက်ပြင်းပြင်းရှူတဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ ညွှန်ကြားခံရပါတယ်။ ဒါပေမဲ့ အဆုတ်နာကျင်မှုဟာ အလွန်ပြင်းထန်ပါတယ်။

GoBreath ဟာ လုပ်ငန်းစဉ်တစ်လျှောက် လေ့ကျင့်ခန်း ညွှန်ကြားချက်တွေနဲ့ လူနာကို အထောက်အပံ့ပေးပါတယ်။ ဒါ့အပြင် app ကတစ်ဆင့် လူနာတွေရဲ့ အဆုတ်ကျန်းမာရေးကို စစ်ဆေးနိုင်ပါတယ်။ ဆရာဝန်တွေအနေနဲ့လည်း လူနာရဲ့ အဆုတ်အခြေအနေကို လေ့လာစောင့်ကြည့်ပြီး ဝက်ဘ်ဆိုက်နဲ့ cloud ဝန်ဆောင်မှုတွေကနေတစ်ဆင့် အသက်ရှူလေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ သတိပေးချက်တွေကို လူနာဆီ ပေးပို့နိုင်ပါတယ်။

ဒါ့အပြင် အမြင်အာရုံချို့တဲ့နေသူတွေအတွက် အရာဝတ္ထုကို ကြည့်တဲ့အခါ ဒါမှမဟုတ် စာဖတ်တဲ့အခါမှာ ရှင်းရှင်းလင်းလင်းမြင်နိုင်အောင် Relúmĭno စမတ်မျက်မှန်ကို Samsung က မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ အဲဒီမျက်မှန်ကို ဖုန်းနဲ့ချိတ်ဆက်နိုင်ပြီး မျက်မှန်ကို ပေါ့ပါးစေဖို့အတွက် ဖုန်းရဲ့ ပရိုဆက်ဆာနဲ့ ဘက်ထရီကို အသုံးပြုထားပါတယ်။

Relúmĭno စမတ်မျက်မှန်ဟာ ဗီဒီယိုက ဓာတ်ပုံတွေကို မျက်မှန်ကတစ်ဆင့် စီစဉ်ပေးပြီး ဖုန်းက အစီအစဉ်တကျ ပြုလုပ်ပေးပါတယ်။ အဲဒီဓာတ်ပုံတွေကို မျက်မှန်ရဲ့ display မှာပြသပေးပြီး တပ်ဆင်သူတွေအနေနဲ့ အရာဝတ္ထုတွေကို ထင်ထင်ရှားရှား မြင်ရပါတယ်။

ဒါ့အပြင် Samsung ဟာ ပေါ့ပါးတဲ့ directional စပီကာတစ်မျိုးဖြစ်တဲ့ S-Ray ကိုလည်း မိတ်ဆက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

စိုးထက်
Ref: CNET