CES မတိုင်မီ Gram laptop သစ်များကို LG အကြိုမိတ်ဆက်

Samsung က Notebook 9 (2018) ကို ထုတ်ဖော် မိတ်ဆက်ခဲ့ပြီးတဲ့နောက် ပြိုင်ဘက်ဖြစ်သူ LG ကလည်း ထုတ်ကုန်တစ်မျိုးကို အကြို မိတ်ဆက်ခဲ့ပါတယ်။ LG က အကြိုမိတ်ဆက်ခဲ့တဲ့ မျိုးဆက်သစ် Gram laptop တွေကို ဇန်နဝါရီလအစောပိုင်း လက်စ်ဗီးဂတ်စ်မြို့မှာ ပြုလုပ်မယ့် CES မှာ ထုတ်ဖော်ပြသ သွားမှာဖြစ်ပါတယ်။

LG ရဲ့ Gram စီးရီးတွေကို ၂၀၁၄ ခုနှစ်မှာ ကနဦးမိတ်ဆက်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာထွက်ရှိမယ့် Gram မှာ ၁၉ နာရီ ကနေ ၂၂.၅ နာရီအထိ အသုံးပြုနိုင်မယ့် ၇၂ ဝပ် ဘက်ထရီ ပါဝင်သလို မျက်နှာပြင် အရွယ်အစား အမျိုးမျိုးလည်း ရွေးချယ်နိုင်ပါတယ်။

လာမယ့်နှစ်မှာထွက်ရှိမယ့် Gram ကို မျက်နှာပြင် ၁၃.၃ လက်မ၊ ၁၄ လက်မနဲ့ ၁၅.၆ လက်မ ဆိုပြီး အမျိုးမျိုး ရွေးချယ်နိုင်ပါတယ်။ မျက်နှာပြင် အမျိုးမျိုးအလိုက် အလေးချိန် ၉၆၅ ဂရမ်၊ ၉၉၅ ဂရမ်နဲ့ ၁.၀၉၅ ဂရမ် ရှိပါတယ်။ ၁၄ လက်မအရွယ် Gram ဟာ ဒီဇိုင်းပိုင်း ကျစ်လျစ်ပြီး ဘေးဘောင်သေးသွယ်တာကြောင့် သာမန် ၁၃ လက်မ laptop အရွယ်လောက်ပဲ ရှိပါတယ်။

Gram ထုတ်ကုန်သစ်မှာ အဋ္ဌမမြောက် Intel Core i5 နဲ့ i7 ပရိုဆက်ဆာတွေအပြင် SSD storage နဲ့ ဒုတိယမြောက် SSD drive slot လည်းပါဝင်လာပါမယ်။ Laptop ရဲ့ boot time ကလည်း ဆယ်စက္ကန့်အောက်ပဲ ရှိပါတယ်။

Gram ထုတ်ကုန်သစ်တွေမှာ Nano Carbon Magnesium သတ္တုစပ်နဲ့ ပြုလုပ်ထားပြီး ဖိအား၊ အပူချိန်နဲ့ ပြုတ်ကျမှုဒဏ်ခံနိုင်အောင် MIL-STD-810G စံသတ်မှတ်ချက်နဲ့ အသုံးပြုထားပါတယ်။ ဒါ့အပြင် သုံးစွဲသူက touchscreen, fingerprint reader နဲ့ Thunderbolt 3 port တို့ပါဝင်တဲ့ မော်ဒယ်ကို ရွေးချယ်ဝယ်ယူနိုင်ပါသေးတယ်။

နောက်ဆုံးပေါ် Gram laptop တွေကို လာမယ့်နှစ် အမေရိကန်နိုင်ငံမှာ စတင်ရောင်းချသွားမှာ ဖြစ်ပြီး နောက်ပိုင်းမှာ အခြားဈေးကွက်တွေအတွက် ဖြန့်ချိပေးမယ်လို့ သိရပါတယ်။

စိုးထက်
Ref: GSMArena