CCleaner malware က နည်းပညာကုမ္ပဏီကြီးများကို ပစ်မှတ်ထားခဲ့ဟုဆို

နာမည်ကျော် CCleaner software အတွင်းမှာ အန္တရာယ်ရှိ malware ထည့်သွင်းတိုက်ခိုက်တဲ့ လုပ်ရပ်ဟာ ကမ္ဘာတစ်ဝန်းက နည်းပညာကုမ္ပဏီကြီးတွေကို အဓိက ပစ်မှတ်ထားခဲ့တာဖြစ်တယ်လို့ သုတေသီတွေက ပြောခဲ့ပါတယ်။

ဟက်ကာတွေရဲ့ အခုလုပ်ရပ်ဟာ Microsoft, Google, Samsung, Sony နဲ့ Intel အပြင် Cisco ကုမ္ပဏီက ကွန်ပျူတာရာပေါင်းများစွာမှာ ဗိုင်းရပ်စ်ပျံ့နှံ့ဖို့ ကြိုးစားခဲ့တာ ဖြစ်တယ်လို့ Cisco က ဆိုက်ဘာလုံခြုံရေး သုတေသီအဖွဲ့တစ်ခုဖြစ်တဲ့ Talos က ပြောကြားခဲ့ပါတယ်။

ပစ်မှတ်ထားခံရတဲ့ ကုမ္ပဏီအများစုဟာ အင်တာနက်လုပ်ငန်းတွေအတွက် တာဝန်ရှိတဲ့ အရေးအကြီးဆုံး ကုမ္ပဏီတွေ ဖြစ်ပါတယ်။ ဒါကြောင့် အခုတိုက်ခိုက်မှုက ပိုပြီး စိုးရိမ်ရပါတယ်။

တရားဝင် CCleaner update အတွင်းမှာ အန္တရာယ်ရှိ software တွေကို ဟက်ကာတွေ ထည့်သွင်းခဲ့တဲ့သတင်းကို တနင်္လာနေ့က Talos နဲ့ Avast တို့က ထုတ်ပြန်ခဲ့ပါတယ်။ CCleaner ဆိုတာ ကွန်ပျူတာကို ထိရောက်စွာ အသုံးပြုနိုင်ဖို့အတွက် မလိုအပ်တဲ့ software application တွေနဲ့ cookie တွေကို ရှင်းလင်းပေးတဲ့ ထုတ်ကုန်တစ်မျိုးဖြစ်ပါတယ်။ တိုက်ခိုက်မှုကြောင့် ကွန်ပျူတာအလုံးရေ ၂.၂၇ သန်း အန္တရာယ်ရှိနေပါတယ်။ တိုက်ခိုက်သူတွေက ထိခိုက်နစ်နာစေဖို့အတွက် malware ကိုအသုံးမပြုခဲ့ဘူးလို့ Avast နဲ့ Talos တို့က ပြောခဲ့ပါတယ်။

ဟက်ကာတွေက malware ပထမအဆင့်အနေနဲ့ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ကွန်ပျူတာအားလုံးရဲ့ လျှို့ဝှက် back door တွေကို ဖွင့်နေပါတယ်။ နည်းပညာကုမ္ပဏီကြီးတွေက တန်ဖိုးရှိတဲ့ ကွန်ပျူတာတွေကို ရွေးချယ်ပြီး အန္တရာယ်ရှိ software တွေသွင်းဖို့ ဟက်ကာတွေက back door ကိုအသုံးပြုခဲ့ပါတယ်။

ဟက်ကာတွေအနေနဲ့ ကုမ္ပဏီကြီးတွေက ကွန်ပျူတာကို ထိုးဖောက်ဝင်ရောက်ပြီး တန်ဖိုးရှိတဲ့ ဥာဏဆိုင်ရာ ပစ္စည်းတွေကို ရယူနိုင်ခြေရှိတယ်လို့ သုတေသီတွေက blog post မှာရေးသားခဲ့ပါတယ်။

CCleaner ကိုပိုင်ဆိုင်တဲ့ Avast ကလည်း အလားတူ ကောက်ချက်မျိုးကို blog post မှာရေးသားခဲ့ပါသေးတယ်။ မတူညီတဲ့ အဖွဲ့အစည်း ၁၈ ခုက ကွန်ပျူတာ ၁၈ ခုဟာ အန္တရာယ်ရှိ software ဒုတိယအဆင့်နဲ့ တွေ့ကြုံခဲ့ရပါတယ်။ တိုက်ခိုက်မှုအတွင်းမှာ ထိခိုက်ခဲ့ရတဲ့ ကွန်ပျူတာစုစုပေါင်း အရေအတွက်က ရာပေါင်းများစွာထက်မနည်း ရှိတယ်လို့ Avast ကပြောခဲ့ပါတယ်။

စိုးထက်
Ref: CNET