CB Bank နှင့် Grab တို့မှ The Banker’s Choice Award 2020 ဆုကို ရရှိ

The Asian Banker က ချီးမြှင့်တဲ့ ‘End-to-End Integrated Cash Management and Banking Solution’ ကဏ္ဍအတွက် Bankers’ Choice Awards ကို CB Bank နဲ့ Grab တို့မှ ပူးတွဲရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဆုကို မြန်မာနိုင်ငံရှိ ဘဏ်များနဲ့ Corporate Client မိတ်ဖက်များအကြား ပူးပေါင်းဆောင်ရွက်မှုကြောင့် နိုင်ငံအတွင်းရှိ ပြည်သူများ၏ လူနေမှုဘဝတွင် ကောင်းမွန်သည့် အကျိုးကျေးဇူးများ ယူဆောင်လာနိုင်ပြီး အားလုံးပါဝင် အသုံးပြုနိုင်သည့် ငွေရေးကြေးရေးကဏ္ဍ (Financial Inclusion) ပေါ်ပေါက်လာစေရန် အထောက်အကူဖြစ်စေခဲ့သည့်အပေါ် အသိအမှတ်ပြုသည့် အနေဖြင့် ပေးအပ်ချီးမြှင့်တာဖြစ်တယ်လို့သိရပါတယ်။

“အာဆီယံဒေသအတွင်းရှိ ထိပ်တန်း နည်းပညာကုမ္ပဏီတစ်ခု ဖြစ်တဲ့ Grab နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းဟာ CB Bank အတွက် ကြီးမားတဲ့ အောင်မြင်မှုမှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ ဒီပူးပေါင်းမှုဟာ ကျွန်တော်တို့ရဲ့ ecosystems banking နည်းဗျုဟာကနေတစ်ဆင့် ဘဏ်ဝန်ဆောင်မှုတွေကို ငွေရေးကြေးရေးနဲ့ နည်းပညာ ပလက်ဖောင်းတစ်ခု အနေနဲ့ ပေးအပ်သွားဖို့ ဆိုတဲ့ မျှော်မှန်းချက်နဲ့လည်း ထပ်တူကျပါတယ်။ အခုလို နည်းပညာ ဦးဆောင်တဲ့ ၂၁ ရာစုမှာ ဘဏ်တွေဟာ အများနဲ့ ပူးတွဲဆောင်ရွက်ဖို့ အရင်ကထက် ပိုပြီး လိုအပ်လာပါတယ်။ ဘဏ်တွေအနေနဲ့ ecosystem players တွေကို ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် နည်းပညာ စွမ်းဆောင်ရည်တွေ လိုအပ်လာပါတယ်။ အဲဒီ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ CB Bank ဟာ ၂၀၁၀ ပြည့်နှစ်၊ မြန်မာနိုင်ငံ စီးပွားရေးကဏ္ဍ ပိုမို လမ်းပွင့်လာပြီး နိုင်ငံတကာနဲ့ ပြန်လည် ချိတ်ဆက်လာတဲ့ အချိန်ကတည်းက အဓိကထားပြီး နည်းပညာစွမ်းရည်များ တိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့ပါတယ်။ ဒီဆုဟာ ကျွန်တော်တို့နဲ့အတူ မိတ်ဖက်ဖြစ်တဲ့ Grab တို့ရဲ့ အချင်းချင်း အပြန်အလှန် မှီခိုအားထား ယုံကြည်မှု၊ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် အတားအဆီး၊ အခက်အခဲတွေကို ကျော်ဖြတ်ပြီး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့ သက်သေအဖြစ် ပေးအပ်ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။ နောက်ထပ်လည်း Grab နဲ့အတူ ပူးပေါင်းမှုတွေ ပိုမိုဆောင်ရွက်သွားဖို့ မျှော်လင့်ပါတယ်” လို့ CB Bank ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်သူ ဦးသိန်းဇော်ထွန်းက ပြောပါတယ်။

CB Bank အနေနဲ့ ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံတွင်း စတင် ဝင်ရောက်လာခဲ့တဲ့ နည်းပညာကုမ္ပဏီတစ်ခု ဖြစ်တဲ့ Grab ရဲ့ အငှားယာဉ်ဝန်ဆောင်မှုများ၊ အစားအသောက် ပို့ဆောင်ရေးနှင့် စားသောက်ကုန်ပစ္စည်းပို့ဆောင်ရေး စတဲ့ လုပ်ငန်းလည်ပတ်မှုများအတွက် ကနဦး အစကပင် လက်တွဲကာ ဘဏ်ဝန်ဆောင်မှုများ ပေးအပ်ခဲ့ပါတယ်။

“Grab မိတ်ဖက်ယာဉ်မောင်းတွေနဲ့ မိတ်ဖက်အစားအသောက် ပို့ဆောင်သူတွေအတွက် CB Bank နဲ့ ပူးပေါင်းပြီး မိုဘိုင်းလ်ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေ ပေးနိုင်တဲ့အပေါ် နိုင်ငံတကာအဆင့် ဂုဏ်သတင်းကြီးမားတဲ့ဆု ချီးမြှင့်ခံရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်မတို့ အတူတကွပူးပေါင်းပြီး သောင်းချီတဲ့ Grab မိတ်ဖက်ယာဉ်မောင်းတွေကို ပုံမှန် ဘဏ်ဝန်ဆောင်မှုတွေ ရယူနိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့တဲ့အတွက် သူတို့အတွက် ငွေကြေးဆိုင်ရာ လုံခြုံစိတ်ချရမှုနဲ့ အဆင်ပြေလွယ်ကူမှု စတဲ့ အကျိုးကျေးဇူးတွေ ရယူနိုင်အောင် ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ Grab ရဲ့ မြန်မာနိုင်ငံအတွက် ထားရှိတဲ့ ရည်မှန်းချက်ကလည်း နည်းပညာကိုအသုံးချပြီး စီးပွားရေးအခွင့်အလမ်းတွေဖော်ဆောင်ဖို့နဲ့ အခက်အခဲတွေကို ကျော်လွှားဖို့ဖြစ်ပါတယ်။ ဒီဆုကလည်း ကျွန်မတို့ တန်ဖိုးထားရတဲ့ Grab မိတ်ဖက်ယာဉ်မောင်းတွေ အတွက် လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ အရာဖြစ်တဲ့အတွက် အလွန်ဂုဏ်ယူမိပါတယ်” လို့ Grab Myanmar ရဲ့ Country Head ဖြစ်တဲ့ Cindy Toh က ပြောပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««