Facebook ဟာ သုံးစွဲသူတွေကို “အထင်မှား အမြင်မှားဖြစ်အောင် ဒါမှမဟုတ် လှည့်စားမှု ပြုလုပ်ထားတဲ့ အရောင်းမြှင့်တင်ရေးပုံစံနဲ့ ဆက်စပ်နေတဲ့ ဘဏ္ဍာရေးထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေ” ဆီကနေ ကာကွယ်ဖို့အတွက် bitcoin နဲ့ အခြား cryptocurrency အရောင်းမြှင့်တင်တဲ့ ကြော်ငြာတွေကို ပိတ်ပင်လိုက်ပါတယ်။
လတ်တလောမှာ cryptocurrency နဲ့ဆက်စပ်တဲ့ မယုံကြည်ရတဲ့ကြော်ငြာတွေအတွက် Facebook ကို သုံးစွဲသူတချို့က သံသယရှိနေပါတယ်။ ကြော်ငြာတချို့က အလျင်အမြန်ချမ်းသာစေတဲ့ အစီအစဉ်တွေနဲ့ scam ပုံစံ အရောင်းမြှင့်တင်မှုကို ပြုလုပ်နေကြပါတယ်။ Facebook ကြော်ငြာတွေက bitcoin နဲ့ဆက်စပ်နေတဲ့ လုပ်ကြံသတင်းတွေနဲ့ cryptocurrency ဝန်ဆောင်မှုတွေနဲ့ initial coin offerings (ICOs) တွေကို အမွှမ်းတင်ထားတဲ့ သတင်းတုတွေနဲ့ ဘယ်လိုပျံ့နှံ့နေသလဲဆိုတာကို BuzzFeed News က အခုလအစောပိုင်းမှာ အသားပေးဖော်ပြခဲ့ပါတယ်။
“ကျွန်တော်တို့အနေနဲ့ လူတွေက scam ဒါမှမဟုတ် လှည့်စားခံရမှာကို မကြောက်ဘဲ Facebook ကြော်ငြာတွေကနေတစ်ဆင့် ထုတ်ကုန်သစ်နဲ့ ဝန်ဆောင်မှုသစ်တွေကို ရှာဖွေတွေ့ရှိပြီး သင်ယူမှုတွေ ဆက်လက် ပြုလုပ်စေချင်ပါတယ်” လို့ Facebook ထုတ်ကုန်စီမံခန့်ခွဲမှု ဒါရိုက်တာဖြစ်သူ ရောဘတ်လီယာသန်က ကုမ္ပဏီ blog post မှာပြောကြားခဲ့ပါတယ်။
အဲဒီကြော်ငြာတွေထဲမှာ CNBC လိုမျိုး သတင်းဌာနတွေရဲ့ အစီအစဉ်မှာ ပါဝင်တဲ့ ဒီဂျစ်တယ် currency ပညာရှင် ဂျိမ်းစ်အယ်တူချာ “crypto-genius” ဆိုပြီး ရည်ညွှန်းခံရသူဆီကနေ ထွက်ရှိလာတဲ့ ကြော်ငြာတွေ ပါဝင်လာပါတယ်။
ဂျိမ်းစ်အယ်တူချာရဲ့ ကြော်ငြာတွေကို Facebook မှာဖော်ပြခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ အယ်တူချာရဲ့ နာမည်အသုံးပြုပြီး verify မပြုလုပ်ထားတဲ့ စာမျက်နှာတစ်ခုက ကြော်ငြာတွေကို ဆက်လက်ဖော်ပြနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
စိုးထက်
Ref: BuzzFeed