Bitcoin နဲ့ငွေပေးချေတဲ့ စနစ်ကို ထည့်သွင်းဖို့ Twitter စဉ်းစားနေ

Twitter ဟာ platform ပေါ်မှာ Bitcoin ကိုအသုံးပြုပြီး ဘောက်ဆူးပေးနိုင်မယ့် feature တစ်မျိုးကို စဉ်းစားနေပါတယ်။

Twitter အနေနဲ့ လူတစ်ဦးနဲ့တစ်ဦး ငွေလွှဲနိုင်မယ့် ငွေပေးချေမှု feature တစ်မျိုးကို လုပ်ကိုင်နေပါတယ်။ ဒါပေမဲ့ Twitter က ကုမ္ပဏီအမှုဆောင်အရာရှိချုပ် ဂျက်ဒိုဆေးပိုင်ဆိုင်တဲ့ Square နဲ့ပေါင်းစပ်မလားဆိုတာ မသိသေးပါဘူး။ Square ကလည်း ဘဏ္ဍာရေးဝန်ဆောင်မှုဖြစ်ပြီး ကုန်သည်ဝန်ဆောင်မှုတွေ လုပ်ကိုင်ကာ ဆန်ဖရန်စစ္စကိုမြို့အခြေစိုက် ငွေပေးချေမှုကုမ္ပဏီ ဖြစ်ပါတယ်။

Bitcoin ဟာ အင်တာနက်ရဲ့ ငွေကြေးစနစ် ဖြစ်လာမယ်လို့ Twitter အမှုဆောင်အရာရှိချုပ် ဂျက်ဒိုဆေးက ပြောကြားထားပါတယ်။ ဂျက်ဒိုဆေးဟာ Square မှာ Bitcoin ငွေပေးချေမှု စနစ်ကို ထည့်သွင်းထားတယ်လို့ NewsBTC ကဖော်ပြခဲ့ပါတယ်။ ဒိုဆေးဟာ Bitcoin အသေးစားငွေပေးချဝန်ဆောင်မှု Lightning Network ရဲ့ အဓိက ရင်းနှီးမြှုပ်နှံသူတစ်ဦး ဖြစ်ပါတယ်။

ဂျက်ဒိုဆေးဟာ ဒီနှစ်အတွင်း ၃ လကနေ ၆ လအထိ အာဖရိကမှာ သွားရောက်နေထိုင်ကာ အနာဂတ်အပေါ် သတ်မှတ်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Twitter အတွက် Bitcoin developer တွေကိုလည်း ဂျက်ဒိုဆေးက ငှားရမ်းထားပါတယ်။

စိုးထက်
Ref: Livemint