BarCamp Yangon 2018 ကျင်းပရေးအတွက် Organizer များဖိတ်ခေါ်

လာမည့် ၂၀၁၈ ခုနှစ်မှာ ကျင်းပမယ့် BarCamp Yangon 2018 အတွက် Organizer တွေ စတင်ဖိတ်ခေါ်နေပြီ ဖြစ်ပါတယ်။

Organizer Team မှာ ပါဝင်လိုတဲ့သူ တက်ရောက်ဖို့ ဖိတ်ခေါ်ထားတာဖြစ်ပြီး အရင်နှစ်တွေမှာ Organizer လုပ်ဖူးသူ၊ Volunteer လုပ်ဖူးသူတွေကိုလည်း ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။ Organizer တစ်ယောက်အနေနဲ့ နှစ်ပတ်တစ်ကြိမ် MICT Park MCPA ရုံးမှာကျင်းပတဲ့ Organizer Meeting တွေ တက်ရောက်ဖို့ လိုအပ်တယ်လို့ BarCamp Yangon ဖေ့စ်ဘုတ် စာမျက်နှာကနေတစ်ဆင့် ထုတ်ပြန်ထားပါတယ်။ BarCamp 2015 ကနေ 2017 တွေမှာ Organizers လုပ်ဖူးသူ ၊ Volunteers လုပ်ဖူးသူတွေကို Organizer Team 2018 ကို ပါဝင်ဖို့ အထူးဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။

Organizer Team ရဲ့ပထမဆုံး အစည်းအဝေးကို MCPA ရုံးမှာ ၂၀၁၇ ခုနှစ် ၁၀ လပိုင်း ၁၁ ရက်မှာ ပြုလုပ်သွား ဖို့ရှိတယ်လို့ သိရပါတယ်။ BarCamp ဆိုတာဟာ ကြိုတင်စီစဉ်ထားခြင်း မရှိဘဲ တက်ရောက်လာသူတွေရဲ့ ကျွမ်းကျင်ရာအသိပညာပိုင်းဆိုင်ရာ အတတ်ပညာပိုင်းဆိုင်ရာတွေကို တစ်ချိန်တည်း၊ တစ်ပြိုင်နက်တည်း ဆွေးနွေးဟောပြောနိုင်ရန် စီစဉ်ဖန်တီးပေးတဲ့ အခမ်းအနားတစ်ခု ဖြစ်ပါတယ်။ နိုင်ငံတကာမှာ တွင်ကျယ်လာတဲ့နည်းတူ မြန်မာနိုင်ငံမှာလည်း ပထမဦးဆုံး BarCamp ကို ၂၀၁၀ ခုနှစ်က ရန်ကုန်မြို့မှာ စတင်ကျင်းပခဲ့ရာ အရှေ့တောင်အာရှတစ်ဝှမ်း အအောင်မြင်ဆုံး အခမ်းအနားတစ်ရပ် ဖြစ်ခဲ့ပါတယ်။

-ထွန်းထွန်း