Avatar 2 နဲ့ 3 ရိုက်ကူးမှု ပြီးစီးတော့မယ်လို့ ဂျိမ်းစ်ကင်မရွန် အတည်ပြု

လက်ရှိအချိန်မှာ နယူးဇီလန်မှာ ရိုက်ကူးနေတဲ့ Avatar အဆက် ဇာတ်ကားတွေရဲ့ concept art နဲ့ ဓာတ်ပုံတွေဟာ ဆက်တိုက်ဆိုသလို ထွက်လာပါတယ်။ ဒါ့အပြင် ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်က Avatar 2 နဲ့ 3 ရိုက်ကူးမှု ပြီးစီးတော့မယ်လို့ အတည်ပြုသွားပါတယ်။

“ကျွန်တော်တို့ လက်ရှိ နယူးဇီလန်ရိုက်ကွင်းမှာ ကျွန်တော်လည်း ရှိနေပါတယ်။ ကျွန်တော်တို့က live-action ကျန်ရှိတဲ့အရာတွေ ရိုက်ကူးနေပါတယ်။ ၁၀ ရာခိုင်နှုန်းလောက် ကျန်ပါသေးတယ်။ Avatar 2 ကတော့ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီး Avatar 3 ကတော့ ၉၅ ရာခိုင်နှုန်းလောက် ကျန်ပါသေးတယ်” လို့ ကင်မရွန်က အာနိုးရှာဝါဇန်နဂါနဲ့ ဗီဒီယို call မှာပြောခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ရိုက်ကူးမှု နှောင့်နှေးရပုံကိုလည်း ဂျိမ်းစ်ကင်မရွန်က ပြောခဲ့ပါတယ်။

“COVID ကြောင့် လူတိုင်းထိခိုက်သလို ကျွန်တော်တို့လည်း ထိခိုက်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ ဇာတ်ကားထုတ်လုပ်ဖို့ ၄ လခွဲလောက် ဆုံးရှုံးခဲ့ပါတယ်။ ရလဒ်ကတော့ ၂၀၂၂ ဒီဇင်ဘာလ ထွက်ရှိဖို့အတွက် တစ်နှစ်အပြည့် စောင့်ခဲ့ရတယ်။ အဲဒီရက်ကိုတော့ ကြေညာပြီးပါပြီ။ ကျွန်တော့်မှာ ဇာတ်ကားရိုက်ကူးဖို့ တစ်နှစ်ရတယ်လို့ မဆိုလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ Avatar 2 ထွက်ပြီးတာနဲ့ Avatar 3 ထွက်ဖို့ စလုပ်ရပါတော့မယ်” လို့ ပြောပါတယ်။

လက်ရှိမှာ Avatar 2 ကို ၂၀၂၂ ဒီဇင်ဘာ ၁၆ ရက်မှာ ပြမယ်လို့ ကြေညာထားပါတယ်။ မူလ ပြသမယ့်ရက်ထက် တစ်နှစ်ရွှေ့ဆိုင်းထားတာ ဖြစ်ပါတယ်။ Avatar 3 ကိုလည်း ၂၀၂၃ ဒီဇင်ဘာလကနေ ၂၀၂၄ ဒီဇင်ဘာလ ၂၀ ရက် အထိ ရွှေ့ဆိုင်းထားပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက  တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««