ASEAN Cyberkids Camp 2020 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဒုတိယဆုရရှိ

ASEAN Cyberkids Camp (ACC) 2020 ပြိုင်ပွဲမှာ မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ကျောင်းသား ကျောင်းသူများ ဒုတိယဆုရရှိခဲ့တယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံမှ ဦးဆောင်ပြီး ဇန်နဝါရီ ၁၆ ရက်က Virtual နဲ့ ပြုလုပ်ခဲ့ရာမှာ မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင် (၂) ဦးနဲ့အတူ ကြီးကြပ်သူဆရာမ (၁) ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတယ်လို့ သိရပါတယ်။ ASEAN Cyberkids Camp ပြိုင်ပွဲနှစ်စဉ်ကျင်းပဆောင်ရွက်လျက်ရှိရာ ယခုနှစ်မှာ COVID – 19 ကမ္ဘာ့ကပ်ရောဂါကြောင့် Physical အနေနဲ့ ကျင်းပခြင်းမရှိဘဲ Virtual အနေနဲ့သာ ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်းရှိ လူငယ် ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ သတင်းအချက်အလက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်စေရန် ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးစံများ အချင်းချင်း နှီးနှောဖလှယ်ခြင်းကို မြှင့်တင်စေရန်၊ လူမှုရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုတို့တွင် အရှိန်အဟုန်မြှင့်တင်ပေးရန်၊ ICT အကြောင်းအရာ ဘာသာရပ်များတွင် ထိုးထွင်းတီထွင်ဖန်တီးမှု၊ အသုံးချတတ်မှု တိုးမြှင့်စေရန်နဲ့ အာဆီယံဒေသများအတွင်း အကျိုးပြုစေမယ့် ပေါင်းစပ်ဖန်တီးမှုရဲ့ ကြိုးစားမှုရလဒ်တွေနဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ ကွာဟချက်များကို ကျဉ်းမြောင်းစေရန် စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပတဲ့ ပြိုင်ပွဲဖြစ်တယ်လို့ သိရပါတယ်။

ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ပြီး ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအောက်ရှိ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမဒေါ်အိမ့်မြတ်မွန် ကြီးကြပ်ကာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ ထွဋ်ခေါင်မြန်မာ (ကိုယ်ပိုင်ကျောင်း) မှ မောင်ဟိန်းပြည့်စုံနဲ့ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ပညာစံအိမ် (ကိုယ်ပိုင်ကျောင်း) မှ မရွှေရတီဖြိုးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူများ ပြိုင်ပွဲမှာ ဒုတိယဆု (ငွေတံဆိပ်) ရရှိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««