APT Young Professional & Students Programme (APTYPS) 2020 ပြိုင်ပွဲ ဆုရရှိသူများထွက်ပေါ်လာ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ဦးဆောင်လမ်းညွှန်မှု၊ Asia Pacific Telecommunity (APT) ရဲ့ ပံ့ပိုးကူညီမှု၊  မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ရဲ့ ဦးဆောင်မှုနဲ့ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ APT Young Professional & Students Programme (APTYPS) 2020 ပြိုင်ပွဲကို ဒီဇင်ဘာ ၁၁  ရက်က ကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိသူတွေကို အွန်လိုင်းဆုချီးမြှင့်ပွဲ အနေနဲ့ ကျင်းပပြုလုပ်ပေးအပ်ခဲ့ပါတယ်။

ပြိုင်ပွဲများမှာ လူငယ်အလွှာပေါင်းစုံမှ ပါဝင်နိုင်စေရန် အသက် (၁၀) နှစ်မှ (၁၇) နှစ်အထိ လူငယ်များအတွက် Junior Innovative Robot Project Competition နဲ့ အသက် (၁၇) နှစ်မှ (၂၀) နှစ်အထိ လူငယ်များ ပါဝင်နိုင်တဲ့ Senior Innovative Robot Project Competition ဟူ၍  ပြိုင်ပွဲ နှစ်မျိုး ခွဲခြား ကျင်းပခဲ့တာဖြစ်ပါတယ်။

Senior Innovative Robot Project ပြိုင်ပွဲမှာ ပထမဆုကို မောင်ကောင်းမြတ်ကျော်၊ မောင်မြင့်မြတ်အောင်၊ University of Information Technology (UIT) မှ “Portable Storage Management System for Refrigerators using Computer Vision with Convolutional Neural Network” Project ဖြင့် လည်းကောင်း၊ ဒုတိယဆုကို မောင်ဝေလျံကောင်း၊ မောင်လွင်မိုးအောင်၊ Technology University (Hmawbi) မှ “Multi Sensor Vehicle” Project ဖြင့် လည်းကောင်း၊ Performance Award ဆုများကို မောင်ကောင်းနေလင်းခန့်၊ မကေသဒ္ဒါစိုး ၊ Myanmar Institute of Information Technology (MIIT) မှ “Humidifiers Robot” Project ဖြင့် လည်းကောင်း၊  မောင်အောင်ချမ်းမြေ့၊ မောင်အေးသက်ဇော် ၊ University of Computer Studies, Yangon (UCSY) မှ “Self-Caring Garden” Project ဖြင့် လည်းကောင်း၊ မယဉ်သီရိမွန် ၊ မနှင်းအေးလွင် Info Myanmar University (IMU) မှ “Nursing Robot” Project ဖြင့် လည်းကောင်း   အသီးသီး ဆွတ်ခူးရရှိခဲ့ပါတယ်။

Junior Innovative Robot Project ပြိုင်ပွဲတွင်   ပထမဆုကို မောင်လင်းရန်အောင်၊ မောင်ထွန်းအောင်ကျော်ဦး ၊ Brainswork Intergrated School မှ “Automatic Underground Garbage System” Project ဖြင့် လည်းကောင်း၊ ဒုတိယဆုကို မောင်စိုင်းသော်ဇင်ကို၊ မကြယ်စင်နှင်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ တောင်ငူ မှ “Health Aids Machine (hand sanitizer, mask giver)” Project ဖြင့် လည်းကောင်း၊  Performance Award ဆုကို မောင်မင်းစွမ်းပြည့်၊ မောင်ကောင်းမြတ်ကျော်၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၊ တောင်ငူ မှ  “Car Parking”  Project ဖြင့် လည်းကောင်း အသီးသီး ဆွတ်ခူးရရှိခဲ့ကြပါသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်မှ  မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းသည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်မှာ နည်းပညာတက္ကသိုလ်ပေါင်းစုံနှင့် ပူးပေါင်းကာ ပထမအကြိမ် တက္ကသိုလ်ပေါင်းစုံ စက်ရုပ်ပြိုင်ပွဲ (Clash of Robots) ကို ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ “University Robotic Challenge” ပြိုင်ပွဲ အမျိုးအစား (၂) မျိုး Robot for Fire Fighting နှင့် Robot for Search and Rescue ကို ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း၊၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၅-၂၆) ရက်နေ့တို့မှာ Clash of Robots (COR) Team နှင့် ပူးပေါင်း၍ “World Robot Games (Myanmar) 2020” ကို တက္ကသိုလ်အဆင့် Senior Level အတွက် ပြိုင်ပွဲအမျိုးအစားနှစ်မျိုး ဖြစ်တဲ့ Rugby Robot နဲ့ On-Water Robot ကို ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်အတွက် Asia Pacific Telecommunity (APT) မှ ဖိတ်ခေါ်ခဲ့သော APT Young Professionals and Students Programme 2020 သို့ “Innovative Robot Project” ပြိုင်ပွဲ အစီအစဉ်ကို တင်သွင်းခဲ့ရာ ထပ်မံရွေးချယ်အတည်ပြုခံရပြီး ယနေ့ပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း၊ပြိုင်ပွဲဝင်များကိုလည်း ပြည်တွင်းပြိုင်ပွဲကိုသာမက နိုင်ငံတကာအဆင့် ပြိုင်ပွဲများကိုလည်း တက်လှမ်းနိုင်ဖို့ အတွေ့အကြုံများ ရရှိနိုင်မှာ ဖြစ်ကြောင်းနဲ့ ရရှိလာတဲ့ အတွေ့အကြုံတွေကို ပြန်လည်အသုံးချခြင်းဖြင့် မိမိတို့ ဘဝ ပိုမိုတိုးတက်လာမှာ ဖြစ်ကြောင်း၊ လူငယ်လူရွယ်တို့ရဲ့ ဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွေကို စဉ်ဆက်မပြတ် အကြံပြုပံ့ပိုးပေးသွားမှာ ဖြစ်ပြီး လူငယ်လူရွယ်တွေ အနေနဲ့လည်း မြန်မြန်ဆန်ဆန် ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာကို အမီလိုက်နိုင်အောင် ကြိုးစားကြရန် အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။