Apple iPhone 8 တွင် ကြိုးမဲ့အားသွင်းစနစ် ပါဝင်လာမည်

Apple ဟာ iPhone 8 မှာ ကြိုးမဲ့အားသွင်းစနစ် ထည့်သွင်းဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အဲဒီ သတင်းကို The Next Web သတင်းဝက်ဘ်ဆိုက်က သီးခြားသတင်းရင်းမြစ်နှစ်ခုနဲ့ အတည်ပြုသွားပါတယ်။

သတင်းရင်းမြစ်တစ်ခုကတော့ နာမည်ကို ထုတ်ဖော်ရေးသားခွင့်ပြုခဲ့ပါတယ်။ အဲဒီသတင်းကို မိုဘိုင်းဆက်စပ်ပစ္စည်းတွေထုတ်လုပ်တဲ့ RAVPower ကုမ္ပဏီ အထွေအထွေမန်နေဂျာ အလန်ဖန်က အတည်ပြုသွားခဲ့ပါတယ်။

“မျိုးဆက်သစ် iPhone မှာ ကြိုးမဲ့အားသွင်းစနစ်အတွက် အထူးနည်းပညာပါဝင်လာပါမယ်။ ကျွန်တော်တို့ထုတ်တဲ့ charger မှာလည်း ဒီနည်းပညာ ပါဝင်ပါတယ်။ ကျွန်တော်တို့ရဲ့ ကြိုးမဲ့ charger က မျိုးဆက်သစ် iPnone တွေကို လျင်မြန်စွာ အားသွင်းပေးနိုင်ပါတယ်။ ဒါ့အပြင် အခြားမိုဘိုင်းထုတ်ကုန်တွေကိုလည်း ကြိုးမဲ့စနစ်နဲ့ အားသွင်းပေးနိုင်ပါတယ်” လို့ အလန်ဖန်က ပြောခဲ့ပါတယ်။

သတင်းရင်းမြစ်နှစ်ခုစလုံးရဲ့အတည်ပြုချက်တွေက ဒီနှစ်အစောပိုင်းမှာ ထွက်ရှိခဲ့တဲ့ ကောလာဟလတွေနဲ့ တူပါတယ်။ ကြိုးမဲ့အားသွင်းနိုင်ဖို့ iPhone 8 ကျောဘက်မှာ ဖန်ထည် ဒါမှမဟုတ် သတ္တုကို အသုံးပြုဖွယ်ရှိပါတယ်။

စိုးထက်
Ref: TheNextWeb