Apple iPhone 12 နဲ့ပတ်သက်ပြီး သိထားသင့်သမျှ

Apple ဟာ အောက်တိုဘာ ၁၃ ရက်မှာ ပွဲအတွက် ဖိတ်စာတွေ ဝေငှထားပြီးပါပြီ။ အဲဒီပွဲမှာ iPhone ကို မိတ်ဆက်ပါမယ်။ အခုကာလက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပေါ်နေတဲ့အတွက် ပွဲကိုတော့ virtual ပဲ ပြုလုပ်ပါမယ်။ Apple iPhone 12 မှာ ပါဝင်မယ့် feature တွေနဲ့ပတ်သက်ပြီး ကောလာဟလတွေကလည်း ထွက်နေပါတယ်။ iPhone 12 နဲ့ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

အောက်တိုဘာလအတွင်း iPhone 12 ရောင်းချနိုင်

iPhone 12 ကို အောက်တိုဘာ ၁၃ ရက်မှာ မိတ်ဆက်ပြီး ရက်သတ္တပတ် အနည်းငယ်အကြာမှာ ရောင်းချနိုင်ပါတယ်။ MacRumors နဲ့ DigiTimes ကတော့ Apple ဟာ iPhone အသစ်တွေကို အဆင့်ဆင့် ဖြန့်ချိနိုင်ပါတယ်။ ၆.၁ လက်မ iPhone မော်ဒယ်တွေကို အရင်ရောင်းချပြီး ၆.၇ လက်မနဲ့ ၅.၄ လက်မ iPhone တွေကိုတော့ နောက်ပိုင်းမှာ ရောင်းချမယ်လို့ သိရပါတယ်။

iPhone 12 က iPhone 11 ထက်ဈေးသက်သာ

ပြီးခဲ့တဲ့နှစ်ထွက်ရှိခဲ့တဲ့ iPhone 11 အခြေခံမော်ဒယ်ကတော့ ၆၉၉ ဒေါ်လာ ကျသင့်ပါတယ်။ Apple ဟာ iPhone 12 ကိုတော့ ၆၄၉ ဒေါ်လာနဲ့ စတင် ရောင်းချမယ်လို့ လေ့လာဆန်းစစ်သူတစ်ဦးက ပြောပါတယ်။ iPhone 12 Pro ကိုတော့ ၉၉၉ ဒေါ်လာနဲ့ iPhone 12 Pro Max ကိုတော့ ၁,၀၉၉ နဲ့ရောင်းချပါမယ်။

iPhone 12 မှာ 5G ပါဝင်နိုင်

ကောလာဟလသတင်းတွေအရ Apple ဟာ iPhone 12 မှာ 5G ချိတ်ဆက်မှုကို ထည့်သွင်းဖို့ရှိပါတယ်။ Apple ဟာ 5G ဖုန်း ၃ မျိုးကို ထုတ်ဖော်ပြသမယ်လို့ Apple လေ့လာဆန်းစစ်သူ မင်ချီကူကပြောခဲ့ပါတယ်။ Apple ဟာ Qualcomm နဲ့အချင်းများခဲ့ပေမယ့် နောက်ပိုင်းမှာ ကျေအေးခဲ့ပြီး 5G ချစ်ပ်သဘောတူညီမှု ချုပ်ဆိုထားပါတယ်။

iPhone 12 ဒီဇိုင်း

Apple ဟာ နှစ်တိုင်း iPhone မော်ဒယ်သစ် ဒီဇိုင်းကို ပြောင်းလဲလေ့ရှိပါတယ်။ Mac Otakara ကတော့ iPhone 12 ဟာ iPhone 11 နဲ့ဆင်မယ်လို့ ဖော်ပြခဲ့ပါတယ်။ ကွာခြားချက်ကတော့ iPhone 12 ရဲ့အနားကတော့ ကွေးမယ်လို့ သိရပါတယ်။

အခြားသတင်းတွေကတော့ Apple ဟာ iPhone 12 ဒီဇိုင်းကို လုံးဝ ပြောင်းလဲမယ်လို့ ဖော်ပြကြပြန်ပါတယ်။ Wedbush လေ့လာဆန်းစစ်သူ ဒန်အိုင်ဗ်ကတော့ ဝယ်လိုအားမြင့်တက်စေဖို့ ဒီဇိုင်းပြောင်းမယ်လို့ သုံးသပ်ခဲ့ပါတယ်။

iPhone 12 မှာ နားကြပ်နဲ့ adapter မပါနိုင်

လေ့လာဆန်းစစ်သူ မင်ချီကူက Apple ဟာ iPhone 12 အတွက် EarPod နားကြပ်ကို မထည့်သွင်းထားဘူးလို့ ပြောခဲ့ပါတယ်။ iPhone 12 ဝယ်ယူမယ့်သူတွေကို ကြိုးမဲ့ AirPods ဝယ်ယူဖို့ တွန်းအားပေးလာတာ ဖြစ်ပါတယ်။ ဒါ့အပြင် iPhone 12 မှာ စွမ်းအင် adapter လည်းမပါဝင်ဘူးလို့ 9to5Macc ကလည်း ဖော်ပြခဲ့ပါတယ်။ Apple အနေနဲ့ iPhone 12 မှာ 5G ထည့်သွင်းလိုက်ရတဲ့အတွက် ကုန်ကျစရိတ်ကို လျှော့ချဖို့ အားသွင်း adapter ကို မထည့်တာ ဖြစ်ပါတယ်။

iPhone 12 မှာ A14 Bionic ချစ်ပ်ပါဝင်နိုင်

နောက်ဆုံးထွက်ရှိခဲ့တဲ့ iPhone မှာ A13 Bionic ပရိုဆက်ဆာ ပါဝင်ပါတယ်။ iPhone 12 မှာတော့ A14 Bionic ပါလာနိုင်ပါတယ်။ နှစ်တိုင်းပဲ Apple ဟာ ပိုမိုမြန်ဆန်၊ ထိရောက်တဲ့ ချစ်ပ်တွေကို ထည့်သွင်းလေ့ရှိပါတယ်။ A14 ချစ်ကတော့ CPU ၄၀ ရာခိုင်နှုန်းမြန်ဆန်ပြီး GPU ကတော့ ၅၀ ရာခိုင်နှုန်း မြန်ဆန်မယ်လို့ သိရပါတယ်။

iPhone 12 Pro အရောင်သစ်

ပြီးခဲ့တဲ့နှစ်က Apple ဟာ iPhone 11 Pro နဲ့ 11 Pro Max အတွက် midnight green ဆိုတဲ့အရောင်ကို မိတ်ဆက်ခဲ့ပါတယ်။ ထုတ်ကုန်သစ်မှာ အရောင်ရွေးချယ်နိုင်တာကလည်း ထုတ်ကုန်ရောင်းအားနဲ့ ပတ်သက်နေပါတယ်။ ဒီနှစ်မှာလည်း Apple က အရောင်သစ် navy blue ကို iPhone 12 နဲ့အတူ မိတ်ဆက်နိုင်တယ်လို့ XDA Developer ကဖော်ပြခဲ့ပါတယ်။

iPhone 12 မော်ဒယ် (၄) မျိုး

Apple ဟာ iPhone 12 ကိုတော့ မျက်နှာပြင်အရွယ်အစား မတူညီတဲ့ မော်ဒယ် ၄ မျိုး မိတ်ဆက်မယ်လို့ သိရပါတယ်။ iPhone 12 Mini အမည်ရ ထုတ်ကုန်ကတော့ မျက်နှာပြင် ၅.၄ လက်မ ရှိလာနိုင်ပါတယ်။ iPhone 12 Pro Max ကတော့ ၆.၇ လက်မ ရှိပါမယ်။ ဒါ့အပြင် မျက်နှာပြင် ၆.၁ လက်မ မော်ဒယ် ၂ မျိုးလည်း ထွက်လာမယ်လို့ CNET က လက်ဆီဆာဗစ်က ဖော်ပြခဲ့ပါတယ်။ iPhone 12 မှာတော့ 120Hz refresh rate ပါဝင်လာတယ်လို့လည်း သတင်းထွက်နေပါတယ်။

3D depth sensing ကင်မရာပါဝင်နိုင်

iPhone X နောက်ပိုင်း ထွက်ရှိခဲ့တဲ့ iPhone အသစ်တွေရဲ့ ရှေ့ကင်မရာမှာ Face D လို့သိကြတဲ့ 3D depth sensing ပါဝင်လာပါတယ်။ မင်ချီကူရဲ့ သုံးသပ်ချက်အရ ၂၀၂၀ ထွက်လာမယ့် iPhone တွေမှာ time-of-flight ကင်မရာ lens ပါဝင်လာမယ့် သုံးသပ်ထားပါတယ်။ အဲဒီ ကင်မရာ lens က Face ID အသုံးပြုထားတဲ့ True Depth ကင်မရာစနစ်နဲ့ ဆင်ပါတယ်။

-စိုးထက်
Ref: CNET