Apple ‘Hi, Speed’ ပွဲမှာ ဘာတွေ မိတ်ဆက်ခဲ့သလဲ

Apple ဟာ အောက်တိုဘာ ၁၃ ရက်၊ virtual ပွဲမှာ ထုတ်ကုန်သစ်တွေကို မိတ်ဆက်ခဲ့ပါတယ်။ ပွဲအတွင်း Apple ဟာ iPhone 12 ၄ မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ iPhone 12 ဒီဇိုင်းကတော့ တော်တော်ပြုပြင်ပြောင်းလဲမှု လုပ်ထားပါတယ်။ iPhone 12 ကိုလည်း ရောင်စုံ မိတ်ဆက်ခဲ့ပါတယ်။ ဒါ့အပြင် HomePod Mini စမတ်စပီကာနဲ့ iPhone 12 အတွက် MagSafe ကြိုးမဲ့အားသွင်းနဲ့ ဒေါ်လာ ၅၀ တန် Beats Flex ကြိုးမဲ့နားကြပ်ကိုလည်း ဖော်ထုတ်ခဲ့ပါတယ်။

Apple ဟာ ဒီနှစ်မိတ်ဆက်လိုက်တဲ့ iPhone 12 မှာ 5G နည်းပညာကို ထည့်သွင်းခဲ့ပါတယ်။ iPhone ရဲ့ 5G Ultra Wideband ကွန်ရက်နဲ့ ပတ်သက်ပြီး Verizon စီအီးအို ဟန်စ်ဗက်ဘာ့ကလည်း သေချာရှင်းပြခဲ့တယ်။ iPhone 12 မှာတော့ အထူးပြုလုပ်ထားတဲ့ အင်တာနာဒီဇိုင်း အသုံးပြုထားပါတယ်။

iPhone အတွက် MagSafe ကြိုးမဲ့အားသွင်းစနစ်ပါဝင်လာပါတယ်။ အဲဒီအားသွင်းစနစ်ကတော့ ဖုန်းရဲ့ ကျောဘက်မှာ ကပ်ထားဖို့ သံလိုက်ကို အသုံးပြုထားပါတယ်။

iPhone 12
၇၉၉ ဒေါ်လာနဲ့ စတင်ရောင်းချ

iPhone 12 ကတော့ သေးငယ်၊ ပါးလွှာ၊ ပေါ့ပါးပြီး OLED Super Retina XDR display နဲ့ 460 ppi pixel သိပ်သည်းနဲ့ Dolby Vision HDR ထောက်ပံ့မှုပါဝင်လာပါတယ်။ ဒါ့အပြင် Ceramic Shield ကာကွယ်မှုအလွှာလည်း ပါဝင်လာပါတယ်။ ဖုန်းမှာ iPad Air လိုမျိုး AI လုပ်ငန်းစဉ်ကောင်းမွန်တဲ့ A14 Bionic ချစ်ပ်ပါဝင်လာပါတယ်။ ကင်မရာကလည်း f2.4 ultrawide ကင်မရာနဲ့ f1.6 အသုံးပြုထားပါတယ်။ ကင်မရာ Night Mode နဲ့ night time lapse တို့ပါဝင်လာပါတယ်။

iPhone 12 Pro နဲ့ Pro Max
၉၉၉ ဒေါ်လာနဲ့ စတင်ရောင်းချ

မျက်နှာပြင် ၆.၁ လက်မအရွယ် Pro နဲ့ ၆.၇ လက်မအရွယ် Pro Max တို့မှာတော့ အဆင့်မြင့် လုပ်ဆောင်ချက်တွေ ပါဝင်သလို LiDAR , AR နဲ့ Low-light autofocus တို့ပါဝင်လာပါတယ်။ Pro Max မှာတော့ တတိယမြောက် telephoto မှာ sensor အသစ်နဲ့ sensor shift image stabilization တို့ပါဝင်လာပါတယ်။ Apple ProRaw ဆိုတဲ့ format ကိုလည်းထောက်ပံ့ပေးပြီး computational ဓာတ်ပုံပညာနဲ့ ပေါင်းစပ်ကာ ပါရာမီတာအဖြစ် အသုံးချနိုင်ပါတယ်။ ဒါကြောင့် ဓာတ်ပုံပေါ်က sharpness လိုမျိုး ချိန်ညှိမှုကို ပြုလုပ်နိုင်ပါတယ်။ ဗီဒီယိုအတွက် 10-bit Dolby Vision HDR ထောက်ပံ့ထားပါတယ်။ Pro Max ကိုတော့ ၁,၀၉၉ဒေါ်လာ၊ Pro ကို‌တော့ ၉၉၉ဒေါ်လာနဲ့ စတင်ရောင်းချပါမယ်။

iPhone 12 Mini
၆၉၉ ဒေါ်လာနဲ့ စတင်ရောင်းချ

မျက်နှာပြင် ၅.၄ လက်မ iPhone 12 Mini လုပ်ဆောင်ချက်တွေက iPhone 12 နဲ့အတူတူပါပဲ။ iPhone 12 Mini ကတော့ ပိုမိုသေးငယ်၊ ပါးလွှာပြီး ပေါ့ပါးပါတယ်။

HomePod Mini
၉၉ ဒေါ်လာနဲ့ နိုဝင်ဘာ ၁၅ ရက်မှာ ရောင်းချမယ်

Apple ရဲ့ စမတ်စပီကာ HomePod Mini ကတော့ အသံအရည်အသွေးကို ပြန်လည် ဒီဇိုင်းထုတ်ထားပါတယ်။ စပီကာမှာ computational audio အသုံးပြုထားတဲ့အတွက် အလိုအလျောက် ချိန်ညှိပေးပါတယ်။ အနီးအနားမှာ iPhone ရှိရင်လည်း အလိုအလျောက် pair လုပ်ပေးပါတယ်။ ဒါ့အပြင် Siri နဲ့လည်း နက်နက်ရှိုင်းရှိုင်း ချိတ်ဆက်ထားပါတယ်။

စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««