Apple CarPlay သုံးစွဲသူများထံမှ နှစ်စဉ်ကြေး ဒေါ်လာ ၈၀ BMW ကောက်ခံမည်

BMW ဟာ ကားအတွင်းမှာ စမတ်သတင်းအချက်အလက် ဖျော်ဖြေရေးစနစ်အဖြစ် အသုံးပြုနိုင်မယ့် Apple CarPlay သုံးစွဲသူတွေဆီကနေ နှစ်စဉ်ကြေး ဒေါ်လာ ၈၀ ကောက်ခံသွားမယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၆ ရက် (အင်္ဂါနေ့) က ပြုလုပ်ခဲ့တဲ့ ဒတ်ထရိုက်ကားပြပွဲမှာ ကုမ္ပဏီရဲ့ အစီအစဉ်တွေနဲ့ပတ်သက်ပြီး BMW မြောက်အမေရိက နည်းပညာထုတ်ကုန် မန်နေဂျာဖြစ်သူ ဒွန်စမစ်က The Verge ကို အတည်ပြုခဲ့ပါတယ်။ ကားအတွင်းက CarPlay ကိုအသုံးပြုဖို့ နှစ်စဉ်ကြေး ဒေါ်လာ ၈၀ ကောက်ခံသွားမှာဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

“သုံးစွဲသူတွေအနေနဲ့ ထုတ်ကုန်တွေကို တစ်ခုကနေတစ်ခု ပြောင်းသုံးနိုင်အောင် ခွင့်ပြုထားပါတယ်။ လူအများစုက CarPlay ကိုဝယ်ယူကြပြီး အဆင်ပြေတယ်လို့ ထင်ကြပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ CarPlay အစား Android ကိုပြောင်းလဲအသုံးပြုကြတယ်” လို့ ဒွန်စမစ်က ပြောပါတယ်။ ဒါကြောင့် သုံးစွဲသူတွေအနေနဲ့ စနစ်အမျိုးမျိုးကို လွတ်လွတ်လပ်လပ် သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ BMW အနေနဲ့ built-in လမ်းညွှန်စနစ်ပါဝင်ပြီး ကားတွေမှာ CarPlay ကို add-on option အဖြစ်ထည့်သွင်းဖို့ ဒေါ်လာ ၃၀၀ ထပ်ဆောင်းကောက်ခံမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က BMW ရဲ့ 5 Series ကားတွေမှာ အားသွင်းနိုင်တဲ့ ကြိုးမဲ့ CarPlay setup ကို မိတ်ဆက်ခဲ့ပါတယ်။ နောက်ဆုံးပေါ် iDrive 6.0 interface ကိုလည်း ထောက်ပံ့ထားပါတယ်။

အခုအစီအစဉ်သစ်ကို ကားပိုင်ဆိုင်တဲ့ ပထမနှစ်မှာ အခမဲ့ အသုံးပြုနိုင်မယ်လို့ ဒွန်စမစ်က ပြောကြားခဲ့ပါတယ်။

စိုးထက်
Ref: Ubergizmo