Apple-1 ကွန်ပျူတာ ဒေါ်လာ ၉၀၅,၀၀၀ ဖြင့် ရောင်းချခဲ့ရ

Apple1Computer.jpg

Apple-1 ကွန်ပျူတာ တစ်လုံးသည် လေလံပွဲ တစ်ခုတွင် ဒေါ်လာ ၉၀၅,၀၀၀ တန်ဖိုးဖြင့် ရောင်းချနိုင်ခဲ့ခြင်းကြောင့် ၎င်းကွန်ပျူတာသည် ဈေးနှုန်း အမြင့်မားဆုံး  Apple ကွန်ပျူတာ တစ်လုံးဖြစ်လာကြောင်း သိရှိရသည်။

ပြီးခဲ့သည့်နှစ်က Apple-1 ကွန်ပျူတာကို ဂျာမနီ နိုင်ငံတွင် ပြုလုပ်ခဲ့သည့် လေလံပွဲတစ်ခုတွင် ဒေါ်လာ ၆၇၂,၀၀၀ ဖြင့် ရောင်းချခဲ့ဖူးသည်။ အဆိုပါ Apple-1 ကွန်ပျူတာကို နယူးယောက်မြို့တွင် ပြုလုပ်သည့် Bonham ၏သိပ္ပံဆိုင်ရာ သမိုင်းလေလံပွဲ၌ ဒေါ်လာ ၇၅၀,၀၀၀ ဖြင့် စတင်ဈေးဖွင့်ခဲ့ပြီး မီချီဂန်ပြည်နယ် Dearborn ရှိဟင်နရီဖို့ဒ် ပြတိုက်မှ ဒေါ်လာ ၉၀၅,၀၀၀ ဖြင့် အပြီးသတ် ဝယ်ယူနိုင်ခဲ့သည်။ ယခု ကွန်ပျူတာကို ဝယ်ယူစုဆောင်းရန် နှစ်ပေါင်းများစွာ စီစဉ်ခဲ့ကြောင်း၊ ပြတိုက်အနေဖြင့် အမေရိကန် အစဉ်အလာရှိသော တီထွင်ဆန်းသစ်မှု၊ စဉ်းစားဉာဏ်နှင့် အရင်းအမြစ် ပြည့်ဝသော ထုတ်ကုန်များကို စုဆောင်းရန် အာရုံစိုက် ထားသောကြောင့် Apple-1 ကွန်ပျူတာ ဝယ်ယူရရှိရန် အလွန်အရေးကြီးကြောင်း ဟင်နရီဖို့ဒ် ပြတိုက်ဥက္ကဋ္ဌ ပတ်ထရီရှာမိုရာဒီယန်က ပြောကြားခဲ့သည်။ Apple မှပထမဆုံး ထုတ်လုပ်ခဲ့သည့် ကွန်ပျူတာ အလုံး ၅၀ အနက်မှ တစ်လုံးဖြစ်သော Apple-1 ကွန်ပျူတာကို ကုမ္ပဏီ ပူးတွဲတည်ထောင်သူ စတိဗ်ဝေါ့ဇနီယက်က ၁၉၇၆ တွင် တည်ဆောက်ခဲ့သည်။  ကွန်ပျူတာ ပညာရှင် တစ်ဦးဖြစ်သူ မိုက်ခ်ဝဲလီဂတ်စ်ဆိုသူက Apple-1 ကွန်ပျူတာ မှတ်ပုံတင်ကို စစ်ဆေးခဲ့ရာ Apple-1 တရားဝင် ကွန်ပျူတာ ၆၃ လုံးသာ ရှိတော့ကြောင်း သိရသည်။ အဆိုပါ ကွန်ပျူတာ ၆၃ လုံးအနက်မှ ၁၅ လုံးသည် ၂၀၀၀ ခုနှစ် နောက်ပိုင်းတွင် အောင်မြင်စွာ အသုံးပြုနိုင်ကြကြောင်း သိရသည်။

Bonham ကုမ္ပဏီက Apple-1 motherboard၊ ကီးဘုတ်၊ မော်နီတာ၊ တိတ်ခွေစနစ်၊ power  supply နှင့် သုံးစွဲမှု လမ်းညွှန်ပါဝင်သည့် ကွန်ပျူတာကို ဒေါ်လာ ၃၀၀,၀၀၀ နှင့် ဒေါ်လာ ၅၀၀,၀၀၀ ကြား ရောင်းချနိုင်မည်ဟု ခန့်မှန်းခဲ့သည်။ ယခု Apple-1 ကွန်ပျူတာကို ရောင်းချသူမှာ စီစင်နာတီ ပြည်နယ်ရှိ Apple သုံးစွဲသူ အဖွဲ့ AppleSider တည်ထောင်သူ ဂျွန်အန်ဒါဆင် ဖြစ်ကြောင်း သိရသည်။

-စိုးထက်
Ref: FoxNews