Apple ရဲ့ HomePod စမတ်စပီကာကို ဖေဖော်ဝါရီ ၉ ရက်တွင် တင်ပို့ရောင်းချမည်

Apple ရဲ့နေအိမ်သုံး HomePod စမတ်စပီကာကို ဖေဖော်ဝါရီလ ၉ ရက်ကစပြီး တင်ပို့ရောင်းချမယ်လို့ သိရပါတယ်။ HomePod စမတ်စပီကာ ကြိုတင်မှာယူမှုကို ဇန်နဝါရီလ ၂၆ ရက်မှာ စတင်လက်ခံမှာ ဖြစ်ပြီး အမေရိကန်၊ ယူကေနဲ့ သြစတြေးလျက သုံးစွဲသူတွေက မှာယူနိုင်ပြီဖြစ်ပါတယ်။ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံမှာတော့ ဧပြီလဝန်းကျင်မှပဲ ရောင်းချသွားမှာ ဖြစ်ပါတယ်။ HomePod စပီကာကို အဖြူနဲ့ မီးခိုးဆိုပြီး အရောင်နှစ်မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ တန်ဖိုးက ၃၄၉ ဒေါ်လာ ဖြစ်ပါတယ်။

Apple ရဲ့ HomePod ဟာ voice assistant တွေပါဝင်တဲ့ Amazon နဲ့ Google တို့ရဲ့ စမတ်စပီကာတွေနဲ့ ဈေးကွက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ Apple ရဲ့ HomePod ဟာ Siri ကတစ်ဆင့် ညွှန်ကြားချက်တွေကို နားထောင်ပြီး စမတ်အိမ်သုံး ထုတ်ကုန်နဲ့ music playback တွေကို ထိန်းချုပ်နိုင်ပါတယ်။

HomePod နဲ့ Apple Music ကို ပေါင်းစပ်ပေးထားပြီး သီချင်းပေါင်း ၄၅ သန်းကျော်ကို နားထောင်နိုင်ပါတယ်။ ဒါ့အပြင် နေအိမ်တွင်းမှာ Sonos စပီကာ ပုံစံ multi-room အသံစနစ်လိုမျိုးကိုလည်း HomePod နဲ့ ဖန်တီးနိုင်ပါတယ်။

HomePod အောက်ခြေမှာ tweeter ၇ လုံးနဲ့ ကိုယ်ထည်မှာ မိုက်ခရိုဖုန်း ၆ ခု ပါဝင်လာပြီး ပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့အသံကို ထိန်းညှိပေးနိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။

HomePod ရဲ့အသံအရည်အသွေးနဲ့ ဈေးနှုန်းဟာ ကိုက်ညီမှုရှိမယ်လို့ Apple ကမျှော်လင့်နေပါတယ်။ ဒါ့အပြင် HomePod ဟာ တစ်ကိုယ်ရေ လုံခြုံရေးကို အလေးထားတဲ့ထုတ်ကုန်ဖြစ်တာကြောင့် တစ်ကိုယ်ရေသတင်းအချက်အလက်နဲ့ ပြောစကားတွေကို မှတ်တမ်းတင်ထားခြင်း မရှိဘူးလို့ Apple က ပြောဆိုထားပါတယ်။

စိုးထက်
Ref: Engadget